ပုလောတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ အမှတ် (၅) ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံခဲ့ ရသည်ဟု မြို့ခံများက ပြောသည်။
အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၆၀ နှစ်အရွယ်ရှိသူ ဦးသန်းဝင်းကို နေအိမ်မှာပင် လူ ၅ ဦးက ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ရပ်ကွက်ထဲမှာ လုံခြုံရေးကင်းစစ်ဆေးပြီးအပြန် အိမ်တံခါးဖွင့် နေတုန်း အနောက်က အပစ်ခံလိုက်ရတာ၊ နံဘေးအနားမှာ သူ့မိန်းမလည်း အတူရှိနေတယ်” ဟု ပြောသည်။
ဦးသန်းဝင်းသည် အုပ်ချုပ်ရေးမှူး မဖြစ်ခင်က ပန်းချီ၊ အင်္ဂတေနှင့် ပန်းပုလုပ်ငန်းများ လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။
ပစ်ခတ်မှုကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း (၇) ပူးပေါင်းတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ထုတ်ပြန်ထားသည်။
ပစ်သတ်ခံရသူ အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း၌ လူငယ်များကို စစ်ကောင်စီတပ်နှင့်အတူ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းလေ့ရှိသူလည်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
နေအိမ်အနီးတွင် မီးကင်းလုံခြုံရေးဂိတ်တစ်ခုနှင့် ရပ်ကွက်စာသင်ကျောင်း အရှေ့ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တို့ ရှိနေပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ -၂၈၅ မှာလည်း ငါးမိနစ်ခန့်သာ လမ်းလျှောက်သွားရသည့် အကွာအဝေးတွင် ရှိနေကြောင်း ရွာသားများက ဆိုသည်။
လုံခြုံရေးတင်းကြပ်ထားသည့် ဂိတ်များ ပတ်ပတ်လည် ဝိုင်းရံထားသည့် ကြားက ပစ်သတ်ခံခဲ့ရသည့်အတွက် အခြား ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း လုံခြုံရေးပိုင်း စိုးရိမ်နေကြကြောင်း ရပ်ကွက်သားများက ပြော
သည်။
အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၏ ရုပ်အလောင်းကို နေအိမ်မှာပင်ထားရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားက စောင့်ကြပ်နေကာ စစ်ဆေးရေးဂိတ်များတွင်လည်း လမ်းသွားလာများ၏ ဖုန်းများကို အဓိကထားပြီး စစ်ဆေးနေ သည်ဟု မြို့ခံများ ဆိုသည်။
ပုလောမြို့ပေါ်မှာ ရပ်ကွက်ငါးခုရှိပြီး ရပ်ကွက်များ အားလုံးကို စစ်ကောင်စီတပ်မှ ထိန်းချုပ်ထားသော်လည်း ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့ကလည်း အမှတ် (၂) ရပ်ကွက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး (စရဖရုံး) ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သေးသည်။