မြိတ်တွင် စစ်မှုထမ်း စုဆောင်းခံရသူ တစ်ဦး ထွက်ပြေးလွတ်မြောက်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

မြိတ်ခရိုင် မြိတ်မြို့တွင် စစ်မှုထမ်းရန်အဓမ္မ စုဆောင်းခံရသူ အမျိုးသားတစ်ဦး ထွက်ပြေး လွတ်မြောက်သွား သည်ဟု နယ်မြေရဲကင်းအနီး နေထိုင်ကြသူများက ပြောသည်။

မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ အရွယ် ကိုသားပု ကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့များက ပြီးခဲ့သည့် ဇန္နဝါရီလ ၃၁ ရက်နေ့က လာရောက် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ကိုသားပုကို ခေါ်ဆောင်သွားပြီးသည့်နောက် မြိတ်တောင်နယ်မြေရုံး (နယ်မြေရဲကင်း) တွင် ခေတ္တ ထား ထားသည့် အချိန်၌ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း အသက် ၅၀ နှစ်ခန့်အရွယ် ဘုရားကိုင်ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

ဘုရားကိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက သူ့ကို စစ်မှုထမ်းဖို့ စာရင်းပါတယ်ဆိုပြီး လာခေါ်သွားတာ။ ခေါ် သွားတုန်း  အသာအယာပဲ ချော့မော့ပြောဆိုပြီး ပုခုံးဖက်ခေါ်သွားတယ် ဟု ပြောသည်။

ထွက်ပြေးသွားသည့် နေ့ရက်ကိုမူ အတိအကျ ပြောပြခြင်း မရှိဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

နယ်မြေရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနှင့် ပျူစောထီး ပုံမှန် ၁၀ ဦး ဝန်းကျင်ခန့်ရှိကာ နယ်မြေရုံး၌ လူစုဆောင်း ပြီးမှ စစ်မှုထမ်း သင်တန်းအတွက် လေ့ကျင့်ရေးကျောင်းဆီသို့ ပို့ဆောင်လေ့ရှိကြောင်း ဆိုကြသည်။

ကိုသားပု ထွက်ပြေးသွားပြီး နောက်တစ်ရက်တွင် ၎င်း၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် များ ရောက်ရှိလာပြီး မိခင်ဖြစ်သူကို ပြန်ရှာပေးရန် ပြောဆိုခဲ့သော်လည်း ဖေဖော်ဝါရီလ ၅ ရက်နေ့ အထိ ပြန်ရှာ ၍ မတွေ့သေးကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညကလည်း ထားဝယ်ကမ်းရပ်ကွက်တွင် နေအိမ်ရှေ့ ဂီတာတီးနေသူနှင့် ဂိမ်း ဆော့နေသူ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးကြောင်း မြို့ခံများက ဆိုကြသည်။