ဓနု ပလတ မှ သုံ့ပန်း ၅ ဦး ဖမ်းမိ၊ ညီအစ်ကို အချင်းချင်း ဖမ်းဆီးရမိ။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။ 

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းတိုက်ပွဲတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF)မှ စစ်ကောင်စီ သုံ့ပန်း ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ဖမ်းမိသူများအနက် တစ်ဦးမှာ မြေပြင်ရှိ တပ်ဖွဲ့ဝင်နှင့် ညီအစ်ကိုအရင်းများ ဖြစ်ကြပြီး စစ်မြေပြင်တွင် ရင်ဆိုင်တွေ့ဆုံကြချိန်၌ ညီဖြစ်သူက အစ်ကိုအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

DPLF တည်ထောင်သူ နှင့် တာဝန်ခံ ကိုထွန်းနိုင်က မိသားစု၊ ညီအစ်ကိုချင်း ဖမ်းမိတာတော့ ဒီတစ်ခါပဲ ရှိသေး တယ်၊ တခြားလူတွေကို ဖမ်းမိတာတော့ ရှိတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ညီအစ်ကိုနှစ်ယောက် ရှေ့တန်းမှာ အချင်းချင်း ရှေ့တန်းမှာ တည့်တည့်သွားတိုးတာ။ နောက်တန်းမှာ နေရင်းနဲ့ ရှေ့တန်းက ဖမ်းလာလို့ တွေ့ရတာ မဟုတ်ဘူး။ ရှေ့တန်းမှာကို ထိပ်တိုက်တိုးကြတာ ဟု ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖမ်းဆီးရမိသူ ၅ ဦးမှာ ခြေမြန်တပ်ရင်း (ခမရ ၉၀၂) နှင့် ခြေလျင် တပ်ရင်း (ခလရ ၄၀၆) တို့မှ ဖြစ်ကြပြီး စစ်မှုထမ်း ဥပဒေကြောင့် ဝင်ရောက်လာကြသူများ မဟုတ်ဘဲ စစ် အာဏာ မသိမ်းမီကတည်းက စစ်ကောင်စီ တပ်သားများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အနက် DPLF တပ်ဖွဲ့ဝင်နှင့် ညီအစ်ကို ဖြစ်သူမှာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ဆဲ စစ်ကိုင်းတိုင်း အခြေစိုက် ကျေးရွာများမှ ဖြစ်ပြီး နေရပ်ဇာတိများအား တိတိကျကျ ပြောပြရန် ခက်ခဲသည်ဟု ကိုထွန်းနိုင်က ဆိုသည်။

လိပ်စာကသိတာတော့ သိတယ်၊ ထည့်ရေးလို့ မကောင်းဘူးထင်တယ်၊ ကျနော်တို့ဆီ ရောက်လာတာလည်း ကြာ ပြီဆိုတော့ သူ့ကို မသိပေမယ့်လည်း ဒီလိုရေးလိုက်ရင်တော့ ဟိုမှာမိသားစုတွေ ဆက်စပ်ပြီး ဒုက္ခရောက်မှာ စိုးလို့ လေ။ လောလောဆယ်တော့ စီစဉ်တုန်း ရှိသေးတယ်။ ခုမှ ပူပူနွေးနွေးဆိုတော့ ပြီးတော့လည်း သူ့ညီ လည်း ရှိတယ်ဆိုတော့ လူကြားမကောင်းဘူးလေ ကောင်းကောင်းထားရမှာပေါ့။ ကောင်းကောင်း မဟုတ်ရင် တောင် ဆိုးဆိုးရွားရွားတော့ ဖြစ်လို့ မရဘူးပေါ့။

လက်ရှိတွင် အစ်ကို ဖြစ်သူမှာ အသက် ၄၀ အရွယ် ရှိပြီဖြစ်ပြီး ညီဖြစ်သူမှာ အသက် ၂၄ နှစ် ရှိပြီဖြစ်သည်။ ညီဖြစ်သူမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်း စတင်ဖွဲ့စည်းလိုက်သည့် ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက DPLF တွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

DPLF တပ်ရင်းမှာ လက်ရှိ တောင်ခမ်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် လက်တွဲ၍ စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင်လည်း နေရာကွက်ကြား တိုက်ပွဲဖော်ဆောင်လျက် ရှိသည်။