စခန်းအချို့ ထပ်မံ သိမ်းပိုက်ထားပြီး ဗန်းမော်တိုက်ပွဲ ဆက်လက် ပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA သိမ်းယူနိုင်ခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်များနှင့် KIO တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။
ဗန်းမော်မြို့သိမ်း တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လနီးပါးရှိလာပြီဖြစ်ပြီး မြေပြင်တွင် တိုက်ပွဲများ ဖြစ်နေသည့် အပြင် စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်များပါ ဆက်တိုက်လုပ်နေသည်ဟု ဆိုသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်ပါတယ်။ ကျနော် တို့ အမတ ၃၆၆ တပ်ရင်းကို ၂ ရက်နေ့မှာ သိမ်းနိုင်ပါတယ်။ မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးတော့မှ ပြင်း ပြင်းထန်ထန်ကို ဖြစ်နေတာပါ။ ဗန်းမော်ဘက်မှာ အခြေအနေ မပြီးမချင်းကတော့ ဆက်ရှိမှာပေါ့နော်။ ဗန်းမော်ကို ရမှာပါ၊ မြို့ကို မကြာခင်မှာ သိမ်းယူနိုင်မှာပါ။ ရအောင်တော့ တိုက်မှာပါ။ ဘာလို့လဲဆိုတော့ စကစ က အခုဆိုရင် မြေပြင်ကနေ ဘာမှ ထိုးစစ်တော့ မလုပ်နိုင်တော့ဘူး။ အဲ့ဒီ အခြေအနေပါ” ဟု ပြောသည်။
ဗန်းမော်မြို့ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် ၃၆၆ တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမြောက်တပ်စခန်း ၃၆၆ ကို သိမ်းယူပြီးနောက် လက်ရှိအချိန် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (၂၁) အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“အမတ (၃၆၆) တပ်ရင်းကိုတော့ ကျနော်တို့ ပူးပေါင်းတပ်တွေက သိမ်းပြီးဖြစ်တယ်။ ဒါပေမယ့် တိုက်ပွဲက လည်း ဆက်ပြီးတော့မှ ပြင်းပြင်းထန်ထန် ရှိပါတယ် ဖြစ်နေပါတယ်။ တိုက်ပွဲပြင်းထန်တဲ့ နေရာကတော့ စကခ-၂၁၊ ခလရ-၂၃၆ တို့ ဖြစ်ပါတယ်။ ကျနော်တို့ ဒီစစ်ကောင်စီ စကစဘက်ကလည်း နည်းမျိုးစုံနဲ့ ခုခံတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်၊ လေကြောင်းက တိုက်ခိုက်တာကတော့ ဆက်တိုက်ပေါ့နော်။ ဆက်တိုက် ဗုံးကြဲ တိုက် ခိုက်တာရှိပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် ခြေလျင်တပ်ရင်းများဖြစ်သော အမှတ် (၄၇) နှင့် (၂၃၆) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိတွင် KIA နှင့် ပူးပေါင်းအဖွဲ့တို့က ဗန်းမော်လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက် အချို့၊ အမှတ် (၇၀၀၆) သံချပ် ကာတပ်၊ အမှတ် (၃၆၆) အမြောက်တပ်၊ အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ကို သိမ်းထားပြီး လေ ယာဉ်ကွင်း အရှေ့ဘက်ရှိ စကခ-၂၁ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၃၆ အပါအဝင် စခန်းအချို့ကို သိမ်းရန် ကျန်သေးသောကြောင့် ဆက်လက် ထိုးစစ်ဆင်နေကြသည်ဟု ဆိုသည်။
ထို့အပြင် မြေပြင်၌ တပ်ရင်းဌာနချုပ်များ ဆက်တိုက်လက်လွှတ်နေရသည့် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်နေသည်ဟု ဗန်းမော်ဒေသခံများက ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် လက်ရှိတွင် ရှမ်းမြောက်က မဘိမ်းမြို့နှင့် ကချင်ပြည်ထဲက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့ များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
ဓါတ်ပုံ – ပုံဟောင်း (ဗန်းမော်လေဆိပ်ကို KIA ထိန်းချုပ်လိုက်သည့်နောက် ဇန္နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဥ်။)