အင်းလေးတွင် ပျူစောထီးတပ်ဖွဲ့ ဝင်လိုသူများအား မက်လုံးပေး လူစုဆောင်းနေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းပေါခုံနှင့် တောင်တို ကျေးရွာအုပ်စုတွင် အင်းလေးပျူစောထီးတပ်ဖွဲ့မှ မက်လုံးပေး၍ လူသစ်စုဆောင်းနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။

အသက် ၁၈ မှ ၃၅ နှစ်အတွင်း တာဝန်ထမ်းဆောင်လိုသည့် အမျိုးသားများအား နန်းပန်ကျေးရွာရှိ အုပ်ချုပ်ရေး မှူးရုံးတွင် လာရောက် စာရင်းပေးနိုင်သည်ဟု ကျေးရွာများ၌ လိုက်လံကြေညာနေခြင်း ဖြစ်သည်။

ပျူစောထီးနှင့် နီးစပ်သည့် စစ်မှုထမ်းအကြုံးဝင်သူ တစ်ဦးက သူတို့ ပြောပုံအရတော့ ပျူထဲဝင်ရင် စစ်မှု မထမ်းရဘူးပေါ့။ ရှေ့တန်းလည်း မထွက်ရဘူး။ ဒေသကာကွယ်ရေး အတွက်ပဲလို့ ပြောတယ်။ မဟုတ်ရင်တော့ နင်တို့ စစ်မှုထမ်းရမယ်။ မလိုက်နိုင်ရင် သိန်းရာကျော်ပေးရမှာ ဘယ်လိုလုပ်မလဲတဲ့ ဟု ပြောသည်။

စစ်ကောင်စီခန့် ရှမ်းပြည်နယ် တိုင်းရင်းသားရးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၏ ညာလက်ရုံးဖြစ်သူ အင်းလေး ပျူစောထီး ခေါင်းဆောင် ညီညီထွန်း (ခေါ်) ဖိုးသာထူးမှ ဖေဖော်ဝါရီလအတွင်း အင်းလေးဒေသ လုံခြုံရေး အတွက်ဟု ဆိုကာ လူသစ် စုဆောင်းနေခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာအုပ်စု ၂ ခု၌ ကျေးရွာပေါင်း ၂၀ ကျော် ပါဝင်ပြီး ဒေသတွင်း လူငယ်အများစုမှာ နိုင်ငံရေး အသိ ပညာ နည်းပါးသူများ ဖြစ်ရာ လက်ရှိ ဖိအားပေးခံနေရမှုများ ရှိပါက အင်းလေး PDF ၁၀၀၉ တပ်ရင်းသို့ ဆက်သွယ် အကြောင်းကြားနိုင်သည်ဟု တပ်ရင်းတာဝန်ရှိသူများက ဆိုသည်။

အင်းလေးဒေသတွင်း တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးက အင်းလေးမှာက ရွေးကောက်ပွဲ ၂ ကြိမ်လုံး NLD နိုင်ပေမယ့် ကြံ့ဖွံ့အားက များတယ်။ အခု အင်းပေါခုံဆိုတာ အုပ်စုတစ်ခုလုံး ပျူတွေပဲ။ စကစ ခန့် ဦးအောင်ကြည်ဝင်းက သူတို့ရွာကပဲ။ လူစုတာကတော့ သူတို့အုပ်စုနဲ့တင် ပြည့်ပါတယ်။ တခြားရွာက လူငယ်တွေအတွက် အယုံမလွယ်ကြဖို့ သတိထားစေချင်တယ် ဟု ပြောသည်။

အင်းလေးဒေသ၌ စစ်ကောင်စီ ထောက်ခံသူ နည်းပါးသော်လည်း နိုင်ငံရေးအသိပညာ နည်းပါးမှုများကြောင့် စစ်မှုထမ်း အပတ်စဉ် ၁ မှ ၁၀ အတွင်း လူများဆုံး စုဆောင်းနိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်းလေးဒေသတွင် စစ်ကောင်စီ အခြေစိုက် တပ်ရင်းများ မရှိသော်လည်း ထိစပ်ဒေသများ ဖြစ်သည့် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်ကောင်စီဖက်မှ စစ်ရေး ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပျူစောထီးတပ်ဖွဲ့အား အရေးပေါ် စုဆောင်းနေခြင်း ဖြစ်သည်ဟု စစ်ရေး သတင်းအရင်း အမြစ်များက သုံးသပ်သည်။