တာချီလိတ်တွင် စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှု ပေါ်ပေါက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ထိုင်းနိုင်ငံဖက်မှ စက်သုံးဆီ ဖြတ်တောက်မှုကြောင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာနေသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်၊ စက်သုံးဆီ မှောင်ခိုဈေးကွက် ပေါ်ပေါက်လာပြီး ၉၂ ဓါတ်ဆီ တစ်လီတာကို ဘတ် ၁၀၀ အထိ ရောင်းချနေကြသည်ဟု မြို့တွင်း ယာဉ်မောင်းများက ပြောသည်။
တာချီလိတ်မြို့တွင်း လှည့်လည်နေသည့် အငှားယာဉ် မောင်းသူ တစ်ဦးက “၅ ရက်နေ့တုန်းကတောင် ၆၀ ဒီနေ့ ၁၀၀။ နက်ဖန် ထပ်တက်မလား မသိသေးဘူး။ ဆိုင်တွေ မေးတော့လည်း ကားတွေက တံတားထိပ်မှာ ပိတ်နေ တယ်ပြောတယ်။ ထိုင်းအစိုးရက ပေးမဝင်ဘူးလို့ ကြားတာပဲ” ဟု ပြောသည်။
တာချီလိတ်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင် (ဆီပန့်) များမှ လက်ကျန် နည်းပါးလာနေပြီး အကန့်အသတ် ဖြင့် သာ ရောင်းချနေရသဖြင့် ရပ်ကွက်များအတွင်း မှောင်ခိုဈေးကွက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကျားဖြန့် တရားမဝင် ငွေလိမ်ဂိုဏ်းများအား နှိမ်နင်းရန်အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စ၍ ထိုင်းအာဏာပိုင်များက စက်သုံးဆီ အပါအဝင် လျှပ်စစ်နှင့် အင်တာနက်များအား ဖြတ်တောက် ထားသဖြင့် စက်သုံးဆီ ပြတ်လပ်လာခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် လက်ရှိတွင် ဆီပန့် ၃ ခုခန့်သာ ရောင်းချလျက်ရှိပြီး မယ်ဆိုင်မြို့ တဖက်ကမ်းအထိ သွား ရောက် ဝယ်ယူပါကလည်း အခက်အခဲရှိသည်ဟု နေ့စဉ် ကမ်းကူးနေသူ တစ်ဦးက ပြောသည်။
“မယ်ဆိုင်မှာက ဈေးပိုတယ် ၃၆ ဘတ် ရှိတယ်။ ပြီးတော့ ပုံးတွေနဲ့ဆိုလည်း မရောင်းဘူး။ နောက်တခုက ဟိုဖက်ကူးဖို့က လိုင်စင်ကားဖြစ်မှ။ ဒီမှာက W အများစုလေ။“
လတ်တလော တာချီလိတ်မြို့တွင်း ဆီပန့်ပိုင်ရှင်များဖက်မှ မည်သူ့ အချိန်တွင် စက်သုံးဆီ ဝင်ရောက်မည်ကို ကြေညာနိုင်ခြင်း မရှိသည့်အပြင် မယ်ဆိုင် တဖက်ကမ်း၌လည်း ထိုင်းအာဏာပိုင်များမှ ဖွင့်ပေးမည့်အချိန်ကို ဆီဘောက်ဆာ ကားများ တန်းစီစောင့်ဆိုင်းနေကြသည်ဟု ဆိုကြသည်။
တာချီလိတ်မြို့တွင်းရှိ ဆီပန့်များ၏ အကန့်အသတ်ဖြင့်သာ ရောင်းချနေမှုကြောင့် ယာဉ်များစွာ တန်းစီ စောင့် ဆိုင်းလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲ တာဝန်ရှိသူများက တစ်စုံတစ်ရာ ရှင်းလင်းပေးခြင်းလည်း မရှိဘူးဟု မြို့တွင်းလှည့်လည် သွားလာနေကြသူ များက ပြောသည်။
အွန်လိုင်း လိမ်လည်သည့် ကျားဖြန့် လုပ်ငန်းများ လည်ပတ်နိုင်ခြင်းမှာ ထိုင်းနိုင်ငံက လျှပ်စစ်မီး ပေးထားခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ စစ်ကောင်စီက စွပ်စွဲပြီးနောက် ထိုင်းအစိုးရက နယ်စပ်နေရာ ငါးနေရာကို လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။