ရှမ်း-ကရင်နီ နယ်စပ်နှင့် ရှမ်းတောင်တွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၆ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။ 

ကရင်နီပြည်နှင့် ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် အရပ် သား ၁၆ ဦး သေဆုံးခဲ့သည်ဟု ကရင်နီလူမှုအဖွဲ့အစည်း ကွန်ရက် (KCSN) ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းများမှာ ၂၀၂၅ ခုနှစ် ဇန္နဝါရီလ တစ်လတာအတွင်း ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြင်းထန်ဒဏ်ရာ ရရှိသူလည်း ၁၆ ဦးအထိ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

KSCN ရုံးတာဝန်ခံ ခူးကိုရယ်က တိုက်ပွဲတွေအတွင်း သေဆုံးတာတော့ မဟုတ်ဘူး။ စစ်ကောင်စီကနေ လေ ကြောင်းကနေ တိုက်ခိုက်တဲ့ဟာ ပါတယ်။ နောက်ပြီးတော့မှ လက်နက်ကြီး ပစ်တာပေါ့နော်။ သူတို့တပ်ထဲက နေ ဟိုပစ်ဒီပစ်ပေါ့။ အရပ်သားတွေ ရှိတဲ့နေရာကို သူတို့ ပစ်မှတ်ထားပြီး ပစ်သွားတော့ သေဆုံးမှုတွေ ဖြစ်ပေါ် တာပေါ့ အဲ့ဒါတော့ ရှိတယ် ဟု ပြောသည်။

သေဆုံးသူများအနက် အသက် ၁၂ နှစ်အရွယ် ကလေး ၂ ဦး ပါဝင်ပြီး ပြင်းထန်ဒဏ်ရာရာသူ ၁၆ ဦး၌လည်း ၅ လ အရွယ် ကလေး၊ ၈ နှစ်အရွယ် ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရ သည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများမှာ ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော်၊ ဘော်လခဲမြို့နယ်တို့က ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ လွိုင်လင်လေး အခြေစိုက် ခမရ-၅၃၀၊ မိုးဗြဲ အခြေ စိုက် ခမရ-၄၂၂၊ ငွေတောင်အခြေစိုက် ခလရ-၁၀၂ စသည့် တပ်ရင်းများမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကောက်ယူထားသည့် စာရင်းများမှာ မြေပြင်အရင်းအမြစ်များ အပေါ် အခြေခံ ပြုစုထားခြင်း ဖြစ်ပြီး လက်လှမ်းမမီသည့် စာရင်းများကိုမူ သတင်းရရှိသည့် နေ့ရက်ရောက်မှသာ ထပ်မံပေါင်းထည့်၍ ဆက်လက် ထုတ်ပြန်မည်ဟု ခူးကိုရယ်က ဆက်ပြောသည်။

ကျနော်တို့က မြေပြင်နဲ့တိုက်ရိုက် ချိတ်ဆက်မှု ရှိတယ်။ ကျနော်တို့ Confirm လို့ရတယ်ဆိုတဲ့ နေရာကနေ ရတယ်ဆိုတာမျိုးပေါ့နော်။ အဲဒီကနေတဆင့် Record တွေ လုပ်တယ်။ သေဆုံးမှုတွေလည်း ပါတယ်ပေါ့နော်။ နောက်တစ်ခုက ထိခိုက်ဒဏ်ရာရတဲ့ အချက်လက်တွေလည်း ပုံမှန်လေး ကောက်ယူထားတာ ရှိတယ်။

စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နယ်မြေစိုးမိုးမှု ရရှိရန် ဇန္နဝါရီလ အစပိုင်းအတွင်း အဓိက ထောက်ပံ့ရေး လမ်းကြောင်းဖြစ်သည့် ပင်လောင်း – လွိုင်ကော် လမ်းမကြီးမှ စစ်ကူများ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းများအား ကရင်နီတော်လှန်ရေး အင်အားစုများက ဝိုင်းဝန်းတားဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ သဖြင့် သက်ဆိုင်ရာ စစ်ကောင်စီ တပ်ရင်းများသို့ ဝင်ရောက်သွားနိုင်ပြီး နေ့စဉ်နှင့်အမျှ စစ်ဘေးရှောင်များ နေထိုင်ရာသို့ ဦးတည်ပစ်ခတ်လျက် ရှိသည်။

၂၀၂၅ ခုနှစ် နှစ်ဦးပိုင်း စာရင်းများအရ ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ၃ သိန်းနီးပါး ခိုလှုံ လျက်ရှိပြီး အခြား စစ်မဖြစ်ပွားသေးသည့် ဒေသများတွင်လည်း တစ်သိန်းကျော်ခန့် ပြောင်းရွှေ့ ခိုလှုံနေကြ သည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။