လူမဆန်သည့် လုပ်ငန်းများခွင့်ပြုထားခြင်းမရှိဟု DKBA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ထိန်းချုပ်နယ်မြေအတွင်း လူမဆန်သည့် လုပ်ငန်းများအား ခွင့်ပြုထားခြင်းမရှိဟု ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA က ပြောသည်။
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ် နယ်မြေအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ အား ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် လူကုန်ကူးမှုများ ကဲ့ သို့သော လူမဆန်သည့် လုပ်ငန်းများအား ခွင့်ပြုထားမရှိဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင် က ပြော သည်။
“လူကုန်ကူးမှုတွေ ဒီမှာရှိလားဆိုရင်ရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ သတင်းတွေ ကြီးစိုးနေတာတွေလည်း ရှိနေ တာပဲ ဘယ်ပုံဘယ်နည်းနဲ့ အတိအကျ ရှိတယ်ဆိုတာ စာရင်းအတိအကျ ကျနော်တို့ မသိပါဘူး။ ဒီလူတွေဟာ ဒီမှာ အလုပ်လာလုပ်တာ မင်းတို့ လူသားတွေကို အရောင်းအဝယ် လုပ်ဖို့ လူသားတွေကို ညှင်းပန်းနှိပ်စက်ဖို့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ ခွင့်ပြုထားတာတွေတော့ မရှိဘူး။ လုပ်တယ်ဆိုလည်း ရိုးရိုးသားသား လုပ်ပေါ့။ ငါတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လာလုပ်ကိုင်တာတော့ လုပ်ကြပေါ့ဗျာ လူမဆန်တဲ့လုပ်ရပ်တွေကို လက်မခံဘူးဆိုတာ သူတို့ကိုပြောထားတယ် အဲဒါတော့ ရှိပါတယ်။”
ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် အနေဖြင့် ထိုလုပ်ငန်းများ၌လည်း ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်း နှင့် လူကုန်ကူးမှုများနှင့် ပတ်သက်၍ ၎င်းတို့၏ ထိန်းချုပ်နယ်မြေ အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည်ဟု သက်သေခိုင်လုံစွာ တင်ပြနိုင်ပါက ကျူးလွန်သူများအား ဖမ်းဆီး ပေးမည်ဟု ဆက်ပြောသည်။
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင်က “၇ ရက် သားသမီးတွေ ပြောတိုင်း လိုက်ပြီး လုပ်ပေးရမယ်ဆို ရင် လုပ်လည်း မနိုင်ဘူး။ လုပ်လည်း မတတ်ဘူးနော် ဆရာ။ ဖြစ်နိုင်တာကတော့ သူ့နိုင်ငံသား တစ်ယောက် အနေနဲ့ သံခင်းတမံခင်း ကျနော်တို့ မြန်မာသံရုံးကို အကြောင်းကြား အသိပေးလာတယ်။ ဒီနေရာမှာ အတိအကျ ရှိတယ် ဆိုရင် ကျနော်တို့ ဖော်ဆောင်ဖော်ထုတ်ပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း အပ်နှံဖို့ ကျနော်တို့ ရည်မှန်း ထားတာရှိတယ်” ဟု ပြောသည်။
အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်နေသော လူကုန်ကူးမှု လုပ်ငန်းများ နှိမ်နှင်းရန် မြန်မာ – ထိုင်း နယ်စပ် မြို့များ ဖြစ်သော မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ် အပါအဝင် နေရာအချို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ စတင်ကာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား လိုင်းများ၊ အင်တာနက်နှင့် စက်သုံးဆီ ဖြတ်တောက်ခဲ့သည်။
ထိုသို့ ဖြတ်တောက်ပြီးနောက်ပိုင်းတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခင်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အကူအညီ တောင်းခံမှုများ ရှိခဲ့သော်လည်း ထိုထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက် လက်ရှိအချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်းမှ လာရောက် အကူအညီ တောင်းခံခဲ့ခြင်းများ မရှိသေး ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆန်းအောင်က ပြောသည်။
အလားတူ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF မှလည်း ကရင်ပြည်နှင့် မြန်မာ – ထိုင်း နယ်စပ် ဒေသများတွင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု ဖေဖော်ဝါရီလ ၆ ရက်နေ့ထပ်မံ ထုတ်ပြန်သည်။
ကျားဖြန့်ဂိုဏ်းများအား နှိမ်နင်းလိုသော ရည်ရွယ်ချက်ကြောင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် လောင်စာဆီများအား ဖြတ်တောက်ခဲ့သော်လည်း မြို့ခံအရပ်သားများသာ ထိခိုက်နစ်နာစေသည်ဟု ဒေသခံများက ဆိုကြသည်။