လိင်နှင့် ကျားမ အပေါ်အခြေခံသော အကြမ်းဖက်မှုများ တရားမျှတမှု ရစေမည်ဟု NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ပဋိပက္ခအတွင်း လိင်နှင့် ကျား၊မ အပေါ် အခြေခံသော အကြမ်းဖက်မှုများအတွက် တရားမျှတမှု ရရှိရန် လုပ် ဆောင်သွားမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG အပါအဝင် တော်လှန်ရေး အဖွဲ့အစည်း အချို့က ထုတ်ပြန် ပြောဆိုလိုက်သည်။
NUG အပါအဝင် အဖွဲ့ ၅ ဖွဲ့က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေး ဦးတည်ချက် (၆) ရပ်ကို ချမှတ်ခဲ့ပြီး ပဋိပက္ခအတွင်း နစ်နာဆုံးရှုံးသူများထဲတွင် လိင်နှင့် ကျား/မ အပေါ် အခြေခံ သော နစ်နာ ဆုံးရှုံးမှုများ အတွက် အသွင်ကူးပြောင်းရေး ကာလတွင် တရားမျှ တမှုရရှိရန်ဟူသည့် လုပ်ငန်းစဉ် ဖော်ဆောင် ရေးလည်း ပါဝင်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က “အသွင်ကူး ပြောင်းရေး ကာလရောက်ရင် ကျနော်တို့ မတရား ကျူးလွန်ခံရတဲ့ သူတွေမြောက်များစွာ ရှိနေပါတယ်။ ဖမ်း ဆီး ထိန်းသိမ်းခံရတာ၊ သတ်ဖြတ်ခံရတာတွေ၊ နေအိမ်တွေကို ချိပ်ပိတ်ခံရတာတွေ အပါအဝင် စွန့်လွတ်နစ်နာ ခံရတဲ့သူတွေ အပေါ်မှာ တရားမျှတမှု ပြန်ရှာတဲ့ အခါမှာ ကျနော်တို့က ဒီဂျဲန်ဒါရဲ့ အဓိကဖြစ်တဲ့ လိင်နဲ့ ကျား၊ မ အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေလည်း ပါဝင်တယ်ဆိုတာ ကျနော်တို့ ဟိုက်လိုက်လုပ်တဲ့ သဘောပေါ့။ အဓိကတော့လေ Transitional Justic ကို အဓိက ဖော်ဆောင်မယ်ဆိုတာကို ကျနော်တို့အနေနဲ့ ရည်မှန်းချက် ထားပြီး ဖော်ပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မ အပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရား ကျူးလွန် ခံရသူ များအတွက် တရားမျှတမှု ပြန်လည်ရရှိရေး ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နဲ့ အမျိုး သားညီညွှတ်ရေးအစိုးရ (NUG) တို့က ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။
အကြမ်းဖက်ခံရသူများအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့အစည်း များမှ ယခုကဲ့သို့ နိုင်ငံရေး ဦးတည်ချက် တစ်ရပ် အနေဖြင့် ထုတ်ပြန်လိုက်သည့်အပေါ် ကြိုဆိုအသိမှတ်ပြု ထောက်ခံသည်ဟု ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာ က ပြောသည်။
“ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာပြီဆိုရင် တော်ရုံတန်ရုံနဲ့ အလေးထားမှု တွေ ကိုင်တွယ်ဖြေရှင်းရမယ့်မျိုးတွေက သိပ်မရှိကြဘူးပေါ့နော်။ အမျိုးသမီးအဖွဲ့တွေ ကလည်း ဒီအပေါ်မှာ တိုက်တွန်းနှိုးဆော်တာ အကြံပြုတာတွေပဲ လုပ်နိုင်တယ်။ တစ်ကယ့် လုပ်ပိုင်ခွင့်ရှိတဲ့ NUCC လို NUG လို CRPH လိုမျိုး ကဏ္ဍအသီးသီးက သူတို့ဖက်က လွမ်းမိုးမှုတွေ ရှိနေတဲ့ အခါကျတော့ တစ်ကယ့် မူအရ ဥပဒေ အရ ရေးဆွဲပြဌာန်းပြီးတော့မှ အရေးယူဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေ ဖြစ်နေတဲ့ အခါကျတော့ သူတို့မှာ ဒီလိုမျိုး ပြဌာန်းလာပြီ ဆိုရင်တော့ ဒါအသိမှတ်ပြုတယ် ပြီးရင် ထောက်ခံတယ်ပေါ့နော်။”
စစ်ရေး ပဋိပက္ခ ကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော မတရား ကျူး လွန်ခံရသူများ အတွက် တရားမျှတမှု ရရှိရန်အပြင် လက်ရှိ အချိန်ကာလ၌ပင် အရေးယူနိုင်သည့် ကိစ္စရပ်များ အား ဆောင်ရွက်သွားရန် လိုအပ်သည်ဟု အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ များမှ ထောက်ပြပြောဆိုထား ကြသည်။