တနင်္သာရီတိုင်း လောင်းလုံး မြို့နယ်အတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာန (နတလ) ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လောင်းလုံးမြို့နယ်ထဲသို့ ပစ်ခတ်ခဲ့သည်ဟု ရပ်ကွက်သားများက ပြောသည်။
စစ်ကောင်စီတပ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တစ်လုံးမင်းရပ်ကျေးရွာထဲက ဝက်မွေးမြူရေးခြံထဲသို့ ကျရောက်ပေါက်ကွဲ ခဲ့သည်။
အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက “ဝက်ခြံက အိမ်နဲ့ သိပ်ပြီးမဝေးဘူး၊ ကံကောင်းတယ်လို့ ပြောရမယ် ထင်တယ်။ အိမ်ပေါ်သာကျရင် အကုန်သေကြမှာ။ လက်နက်ကြီးကျည် ပစ်တဲ့နေရာနဲ့ ပေါက်ကွဲခဲ့တဲ့နေရာက နှစ်မိုင်ကျော်လေးပဲ ဝေးတာ” ဟု ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဝက်တစ်ကောင် သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။
နောက်ထပ် လက်နက်ကြီးကျည် တစ်လုံးမှာလည်း မင်းရပ်ကျေးရွာ အရှေ့ဘက်ရှိ အုတ်ဖိုအနီး ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဘက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေဦးစီးဌာန (နတလ) ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ လက်နက်ကြီးအပြင် စက်လက်များဖြင့်ပါ အတွဲလိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
နတလရုံးထဲတွင် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဖြင့် လက်နက်ကြီးများ၊ ဘန်ကာများနှင့် အခိုင်အမာ တပ်စွဲ ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကလည်း သပြေချောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းက ထားဝယ်မြို့ နယ် အရှေ့တောဒေသကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သေးသည်။