တနင်္သာရီတိုင်း ပုလောတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကြည်းတပ် (ခြေလျင်) စစ်ကြောင်း အပြင် ရေကြောင်းနှင့် လေကြောင်းတို့ကို သုံးပြီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီ အင်အား ၅၀ ခန့်ဖြင့် ရှပ်ပုံကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး လာခဲ့ခြင်းကြောင့် ရွာသုသာန် အနီး၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က နံနက် ၈ နာရီကြားမှ မွန်းလွှဲ ၁ နာရီ အချိန်ထိ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြသည်။

ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီက အင်အား ၅၀ လောက် ရှိတယ်။ ကားနှစ်စီးနဲ့ စစ်ကြောင်း ထိုးပြီးဝင်လာတာ။ အဲ့ဒီမှာ စပြီး တိုက် ပွဲဖြစ်တယ်။ ၁၃ ရက်နေ့ တိုက်ပွဲစဖြစ်ကတည်းက သူတို့ဘက်က ကျဆုံး တာများတယ် ဟု ပြောသည်။

တိုက်ပွဲများကို မြိတ်ခရိုင် တပ်ရင်း ၁၊ ပုလော ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် ကရင်အမျိုးသား ကာ ကွယ်ရေးတပ် (KNDO) တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု  မြိတ်ခရိုင်တပ်ရင်း (၁) မှ တာဝန်ရှိသူ က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိနာပြီး မွန်းလွှဲ ၂ နာရီ အချိန်ခန့်တွင် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီဘက်မှ ရှပ်ပုံကျေးရွာအုပ်စု ဆီတောင် ကျေးရွာဘက်မှ ရေချိုကျေးရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြသေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပုလောမြို့ အခြေစိုက်ခလရ – ၂၈၅ တပ်ရင်းမှ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ကူ ပေးခဲ့ပြီး ရေတပ်သင်္ဘောပေါ်မှလည်း ၆၀ မမ လက်နက်ကြီးများနှင့် ဆက်တိုက် ပစ်ကူပေးခဲ့ကြောင်း ပူးပေါင်း တပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်

ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် ဇနီးမောင်နှံ နှစ်ဦးအနက် ခင်ပွန်းဖြစ်သူ အသက် ၄၀ နှစ်အရွယ် ကိုသင်္ကြန်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။ ဇနီးဖြစ်သူကလည်း လက်၌ဒ ဏ်ရာရရှိခဲ့ကြောင်း ရွာသားများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် အတွင်း စစ်ကောင်စီဘက်မှ အထိနာမှုများနေခြင်းကြောင့် ညနေ ၃နာရီခန့်တွင် ရှပ်ပုံကျေး ရွာ၊ ဆီတောင်ဘက်ခြမ်းရှိ ဥယျာဥ်ခြံများဘက်သို့ MI-2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဗုံးသီး ၂၀ ခန့် ကြဲချခဲ့သ လို စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဆယ်ဦးထက် မနည်း ထိခိုက်သေဆုံးပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး (၂)ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ပြန်လည်ဆုတ်ခွာ သွားသော်လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်သည့် အခြေအနေတွင်ရှိပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ပြည်သူ့ကာကွယ် ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာစဥ် ဆီတောင်ကျေးရွာရှိ ဥယျာဉ်ခြံ တစ်ခြံအတွင်း၌ နေအိမ်တစ်လုံး ကို မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ရှပ်ပုံကျေးရွာသည် အိမ်ခြေ ၂၅၀၀ ကျော်၊ လူဦးရေ ၁၅,၀၀၀ ကျော်ရှိသည့် ပုလောမြို့ တဘက်ကမ်းက ကျေးရွာ ကြီး တစ်ရွာဖြစ်ပြီး ရေလုပ်ငန်းနှင့် လယ်ယာဥယျာဥ်ခြံ လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ် နေထိုင် ကြသည်။