ထော်လာဂျီ မိုင်းထိ၊ လူနှစ်ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တပိုကျေးရွာ စာသင်ကျောင်းအနီး သံသာလမ်းတွင် ထော်လာဂျီတစ်စီး မိုင်းထိပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၂ နှစ်အရွယ် ဦးကျော်မျိုးလွင် နှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်လမ်းယိုတို့သည် ထော်လာဂျီ ဖြင့်လာစဥ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က မိုင်းထိပြီး ထိခိုက်ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသားဖြစ်သူ၏ ရင်ဘတ်နှင့် လက်တို့တွင် ဒဏ်ရာရခဲ့ကာ အမျိုးသမီးမှာလည်း ခါးနှင့်တင်ပါး နေရာများတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

မိုင်းက ဝိတ်နည်းတဲ့ ဆိုင်ကယ်နဲ့ လူသွားတာ မပေါက်ဘူး၊ ကားအလေးချိန်နဲ့မှ ပေါက်တာဆိုတော့ ကားမိုင်း ဖြစ် လိမ့်မယ်၊ မိုင်းကို ကျောက်ပုံအောက်မှာ ထောင်ထားတာလို့သိရတယ်၊ လူတွေက မသေတာ တော်သေး တယ်။ ထော်လာဂျီခေါင်းပိုင်းနဲ့ခံနေတာမို့ ဟု အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ဆေးကုသမှုခံယူနေရကြောင်းနှင့်  ထော်လာဂျီ အရှေ့ဘီးမှာလည်း ပျက်စီးသွား သည်ဟု ဆိုကြသည်။

ပေါက်ကွဲခဲ့သည့်မိုင်းမှာ စစ်ကောင်စီတပ်ဘက်မှ ထောင်ထားခြင်းသာ ဖြစ်နိုင်သည်ဟု ဒေသခံများက စွပ်စွဲ ပြော ဆိုနေကြပြီး ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ မိုင်းထောင်ထားခြင်း မရှိဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း ဆိုင်ကယ်ဖြင့်လာသူ တပိုဆယ်အိမ်စုထဲက ရွာသားတစ်ဦး ယခု မိုင်းနင်းပေါက်ကွဲမှု ဖြစ်ခဲ့သည့် နေရာ လမ်းပိုင်းမှာပင် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်လည်း ပျက်စီးခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်များကြောင့် နယ်မြေရှင်းလင်းရေး မလုပ်ရသေးသည့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေရာများကို အသွားအလာများ မလုပ်ကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အသိပေး ပြောဆို ထားသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားလျက် ရှိနေသည့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု အတွင်းရှိ နေရာများ အနီးတဝိုက် နှင့် နှစ်ဖက်တပ်များ သွားလာလှုပ်ရှားလေ့ရှိသည့် နေရာများကို ရှောင်ရှားရန်နှင့် မလွဲမသွေ သွားလာရပါက အထူးသတိပြု သွားလာကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။