လပြည့်နေ့ လက်နက်ကြီး ပစ်ခတ်မှု အင်းလေး အရပ်သား ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
တပို့တွဲလပြည့်နေ့တွင် စစ်ကောင်စီက အရပ်သားများနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်ခဲ့သော ကြောင့် အင်းလေးဒေသတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသနှင့် ပင်လောင်းမြို့နယ်များသို့ စစ်ကောင်စီက တပို့တွဲ လပြည့်နေ့၌ လက်နက်ကြီး ဦးတည်ပစ်ခတ်ခဲ့သည်ဟု ဒေသတွင်း အရင်းအမြစ်များက ပြောသည်။
ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက “အဖေနဲ့သားက လပြည့်နေ့ ဆို တော့ ဘုရားသွား၊ ကျောင်းတက်ရင်း သူတို့ အမျိုးအိမ် သွားလည်ကြတာ။ အဲ့ဒီမှာ ထိတာ။ သားတစ်ယောက်နဲ့ အိမ်ရှင်က ပွဲချင်းပြီးတယ်။ လက်ထိတဲ့ တစ်ယောက်က ဖြတ်ရမယ်” ဟု ပြောသည်။
အင်းလေးတောင်ပိုင်း၊ စံကားအင်း အနောက်ဘက်ခြမ်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က တောင်ပို့ကွဲကျေး ရွာထဲသို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး အရပ်သား ၂ ဦး သေဆုံး၍ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
အခင်းဖြစ်သည့် နေရာ၌ အသက် ၄၀ အရွယ် စိုင်းလုံနှင့် ၁၀ နှစ်အရွယ် စိုင်းလျန်ဆိုင်တို့ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြပြီး အသက် ၄၀ အရွယ် ဒေါ်နန်းဖန်နှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးကျားတို့မှာ ခြေထောက်နှင့် လက်နေရာများတွင် ပြင်းထန်ဒဏ်ရာများ ရခဲ့သည်။
အလားတူ ထိုနေ့ တစ်ချိန်တည်းမှာပင် ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
နန်းတုတ်ကျေးရွာမှ တိန်းရှောင်လာသူ တစ်ဦးက “ဘီလူးချောင်း အနောက်ဘက်ကမ်း လွယ်ဖွီးကနေ ပစ်နေ တာ။ အဲ့မှာ ဗမာစစ်သားရော PNO ရောပဲ။ ရွာမှာတော့ လူကုန်ပြီ။ လူထိတာ မရှိပေမယ့် လက်နက်ကြီးကျ တော့ လန့်ပြီး မပြန်ရဲကြသေးဘူး” ဟု ပြောသည်။
အင်းလေးဒေသတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ တစ်ပတ်အတွင်း စစ်ကောင်စီ တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် အရပ်သား ၅ ဦး ထိခိုက် သေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာများ ရခဲ့ကြသည်။
စစ်ကောင်စီက ပင်လောင်း – လွိုင်ကော်၊ ညောင်ရွှေ – ဖယ်ခုံ – လွိုင်ကော် လမ်းမကြီးများမှ တဆင့် ကရင်နီပြည် အား အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်လျက်ရှိပြီး ကာကွယ်ရေးတပ်များ ခိုလှုံခွင့် မရနိုင်ရန် အတွက် ထိုမြို့နယ်များရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု မြေပြင် သတင်း အရင်းအမြစ်များက သုံးသပ်နေကြသည်။