ပြည်နယ်သား မဟုတ်သူများ ဖြတ်သန်းခွင့် ကတ်ပြား လုပ်ရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ကရင်နီပြည်သား မဟုတ်သူများအား ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြား ထုတ်ပေးခြင်းဖြင့် ကရင်နီပြည်တွင်း ဝင်ထွက်ခွင့်ကို ကြီးကြပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ပြောသည်။
အဆိုပါ အစီအစဉ်ကို ယခုနှစ် မတ်လနောက်ပိုင်းမှ စတင်ပြီး အကောင်အထည် ဖော်သွားမည်ဟု IEC အတွင်း ရေးမှူး – ၂ ဦးဗညားက ပြောသည်။
“အဓိက ကတော့ ပြည်နယ်ပြင်ပက လူတွေရဲ့ သွားလာခွင့်ကိုပဲ ကြီးကြပ်ပေးတာပေါ့နော်။ ကျနော်တို့ ပြည်နယ်ထဲကို ဝင် လာတဲ့ ပုံစံတွေက ကွဲပါတယ်။ ပြည်နယ်ထဲမှာ ရှိနေပြီးသား Humanitarian မှာ ကူနေတဲ့သူတွေ CSO၊ NGO မှာ လုပ်နေတဲ့သူတွေ ပညာရေး၊ ကျန်းမာရေး setting မှာ ပါဝင်တဲ့ သူတွေကတော့ သေချာတာ တစ်ခုက ကျနော်တို့က သူတို့အတွက် သီးသန့် စီမံထားတာရှိတယ်။ အခု ကျနော်တို့တွေ့နေတဲ့ အနီရောင် သွားလာခွင့် လက်မှတ်နဲ့ မဆိုင်ပါဘူး သူတို့အတွက်။ ဒီဟာက အခါအားလျာ်စွာ ကျနော်တို့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။”
အခြားတိုင်းနှင့် ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ၌ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်လုပ်ပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ရမှာ ဖြစ်သည်။
ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်သည် ကရင်နီပြည်တွင်း ဝင်ထွက် သွားလာရေးကို စနစ်တကျ စီမံနိုင်ရန်နှင့် လုံခြုံစွာ ဝင်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးဌာန (လဝက) ၏ လုပ်ငန်းစဉ်တစ်ခု အဖြစ် ချမှတ်ထားခြင်း ဖြစ်သည်ဟု ပြောသည်။
ပြည်နယ် ပြင်ပနှင့် နိုင်ငံပြင်ပမှ ကရင်နီသို့ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊ အခြားသော ကိစ္စရပ်များအတွက် ဖြစ် ဝင်ထွက်သွားလာကြမည့် သူများအတွက် ထုတ်ပေးရန် ဖြစ်သည်ဟု ဦးဗညားက ပြောသည်။
ကရင်နီပြည်အတွင်း ဝင်ထွက်သွားလာမည့် ပြည်နယ်ပြင်ပသူများသည် မိမိတို့၏ ကိုယ်ရေး အချက်အလက်များ ပေးသွင်းခြင်းအားဖြင့် သွားလာရာတွင် တရားဝင်ဖြစ်မှု ရှိလာစေရန်နှင့် လုံခြုံရေးတို့အတွက် အပြန်အလှန် ကူညီ ပေးရန် အဝင်အထွက်ကို ကြပ်မတ်ခြင်းသာ ဖြစ်ပြီး ကန့်သတ်ပိတ်ပင်လိုက်ခြင်း မဟုတ်ဟု IEC က ပြော သည်။
ဦးဗညားက “ဒီဟာက ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားနဲ့ မဆိုင်ပါဘူး။ အဓိက ပြည်နယ်ထဲကို စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ လာလည်တာဖြစ်စေ၊ တစ်ချို့လူမှုရေး လုပ်ငန်းတွေ Project လုပ်ငန်းတွေ၊ သတင်း အချက် အလက် ယူချင်တာတွေ၊ research တွေ လုပ်တဲ့သူတွေ ရှိတာပေါ့နော်။ သူတို့ကို အတတ်နိုင်ဆုံး အချက်အလက် တွေ စနစ်တကျ သိဖို့အတွက် ဖြစ်တယ်ပေါ့။ ကျနော်တို့ စနစ်တကျ လုပ်ပေးထားခြင်းအားဖြင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို သူတို့ ပိုပြီးတော့ရစေမယ်” ဟု ပြောသည်။
ကရင်နီပြည်သား မဟုတ်သည့် ခရီးသွား ပြည်သူလူထုများအား ကတ်ပြားဖြင့် ကရင်နီပြည်တွင်း ဝင်ထွက်ခွင့် ကြီးကြပ်သွားမည့်အပေါ် မြိတ်မှ ကရင်နီသို့ ရောက်ရှိနေထိုင်သည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“အစ်ကိုလည်း တစ်ခြားဒေသကနေပြီးမှ ရဲဘော်လာလုပ်တယ်။ ကရင်နီပြည်ကို ရောက်နေတာ ၃နှစ်ကျော်ပြီ ပေါ့နော်။ ဒီကဒ်ပြား ကိုင်ရမယ် ဆိုလည်း အကိုလည်း ကိုင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ အဓိက ယုံကြည်မှု ပေါ့နော်။ ဒီကရင်နီက ပြည်သူပဲဖြစ်ဖြစ် တော်လှန်ရေး ရဲဘော်တွေပဲဖြစ်ဖြစ် ယုံကြည်မှုကို တည်ဆောက်တဲ့ သဘောပေါ့နော်။ ဒီကရင်နီပြည်ရဲ့ လုံခြုံရေး တစ်ခုလည်း ဖြစ်သွားတယ်ပေါ့။”
တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလတွင်လည်း အဆိုပါ သတ်မှတ်ချက်ကို ဆက်လက် အကောင်အထည်ဖော် သွားမှာဖြစ်ပြီး အသေးစိတ်ကိုမူ ထပ်မံကြေညာသွားမည်ဟု IEC တာဝန်ရှိသူက ဆိုသည်။
ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်၍ သတိပေးချက်အနေဖြင့် ကတ်ပြားအား လွှဲပြောင်း ကိုင်ဆောင် ခြင်း မပြုရန်၊ ကတ်ပြားမပါရှိဘဲ ပြည်နယ်ခြား ပြည်သူများ ကရင်နီပြည်အတွင်း ဖြတ်သန်းခွင့် မရှိစေရေးနှင့် ကတ်ပြားအား တာဝန်ရှိသူမှ စစ်ဆေးသည့်အခါ ပြရမည် ဆိုသည့်အချက်များ အပါအဝင် အချက် ၇ ချက် ကို လည်း ထည့်သွင်းထုတ်ပြန်ထားသည်။
ကရင်နီပြည်အတွင်း နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ထား ပြီ ဖြစ်ပြီး အဆိုပါ နယ်မြေများထဲတွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အုပ်ချုပ်ရေးယန္တရားကလည်း လည်ပတ်နေပြီ ဖြစ်သည်။
ထို့အပြင် IEC ၏ လူဝင်မှု ကြီးကြပ်ရေးဌာနက ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်အတွင်း နေထိုင်သူများနှင့် အခြား ပြည်နယ်၊ တိုင်းတွင် နေထိုင်သူများမှ ဝင်ထွက်သွားလာမှုအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း၊ သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့် မညီညွတ်ဘဲ ဝင်ထွက်သွားလာခြင်း၊ နေထိုင်ခြင်းများအား စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေထိုင်မှုများအား ဥပဒေ ပြဌာန်းချက်များနှင့် အညီ ကြပ်မတ်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည် ဟု ဆိုသည်။