တောင်ကြီးတွင် ဒုစရိုက်မှုများ များလာပြီး အရေးယူနိုင်မှု မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ 

ရှမ်းပြည်၏ မြို့တော် တောင်ကြီးတွင် ဒုစရိုက်မှု ကျူးလွန်သူများ ပိုမိုများပြားလာပြီး စစ်ကောင်စီက ထိန်းချုပ် နိုင်ခြင်း မရှိဟု မြို့နေပြည်သူများက ပြောသည်။

တောင်ကြီးမြို့တွင် ၂၀၂၅ နှစ်ဦးပိုင်းအတွင်း ခိုးဆိုးလုယက် ဒုစရိုက်သမားများ ပိုမိုများပြားလာပြီး မြို့လယ်ခေါင် နေရာများအထိ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြသည်ဟု မြို့နေပြည်သူများက ပြောသည်။

တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သံလွင်မူကြိုရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲ ဝန်းကျင် အချိန်ခန့်၌ အထက်တန်းကျောင်းသူ တစ်ဦး၏ ဖုန်းနှင့် ပိုက်ဆံအိတ်အား အမည်မသိ ဆိုင်ကယ် မောင်းနှင်လာသူ တစ်ဦးမှ လုယက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုင်ကယ်စီးပြီး အရှိန်နဲ့ လာလုတာ။ လူက ဦးထုပ်ဆောင်း မှန်ချထားတော့ ဘယ် သူမှန်း မသဲကွဲဘူး။ သူ့ပစ္စည်းက သူ့အမေက အော်တော့ ပါမသွားလိုက်ဘူး။ ဝိုင်းအော်ပြီး ယောက်ကျား လေး တွေ ပြုံလာတော့ မောင်းပြေးသွားတာ ဟု ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ပထမပတ်ထဲ၌လည်း အလုပ်မှပြန်လာသည့် အမျိုးသမီးတစ်ဦးအား တောင်ကြီးမြို့ စွန်၊ ကရင်မရေထွက် အနီး၌ အမည်မသိ လူ ၂ ဦးမှ လုယက်ရန် ကြိုးပမ်းခဲ့သေးသည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

သူသတိထားမိတော့ အိမ်ရောက်ဖို့ လိုသေးတာနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လုပ်ပြီး  အိမ်ကို ဖုန်းဆက်တော့ လာကြိုတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ချင်း ထပ်ကြပ် မကွာလိုက်ပြီးမှ ခြိမ်းခြောက်တာပါ။ ဘာမှတော့ ပါမသွားပေမယ့် ပါသွားလုဆဲဆဲ အခြေအနေအထိ ရောက်ခဲ့တာပါ။

ထို့အပြင် ယခင်က မရှိခဲ့ဖူးသည့် ခါးပိုက်နှိုက်များလည်း မြို့မဈေး၊ City Square စသည့် လူစည်ကားသော နေရာ များတွင် ကျင်လည်ကျက်စားနေကြသည်ဟု ဈေးသည်များက ပြောသည်။

အဆိုပါ ဒုစရိုက် ကျူးလွန်သူများအား စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမှုများ မရှိသည့်အပြင် ပြည်သူစစ်များကိုပါ ထပ်မံ ကျူးလွန်ခွင့်ပေးနေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း တောင်ကြီးမြို့၌ ရွှေတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ဦးဆောင်သည့် ပျူစောထီးအဖွဲ့က လူငယ်တစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးကာ ကျပ်သိန်း ၂၀ တောင်းခံမှုလည်း ဖြစ်ပွားခဲ့သေး သည်။ 

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အရာရှိ တစ်ဦးကလည်း ၎င်း၏ ဆိုင်ကယ်အား ကျော်တက်သည့် လူငယ် ၂ ဦးကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ဆိုကြသည်။