ထားဝယ်ရှိ ပုဂ္ဂလိက ဆေးရုံကြီး ၂ လပိတ်မည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၃ ရက်။ 

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်ရှိ အကြီးဆုံး ပုဂ္ဂလိကဆေးရုံတစ်ခု ဖြစ်သည့် မယ်ဒီလန်းဆေးရုံကြီးကို နှစ်လပိတ်မည်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။

ဆေးရုံကို နှစ်လပိတ်ရခြင်းမှာ CDM ဆရာဝန်များနှင့် သူနာပြုများကို ခန့်အပ်ထားခြင်းများကြောင့် ဆေးရုံကို စစ်ကောင်စီမှနှစ်လပိတ်ခြင်းဖြစ်သည်ဟု ဆေးရုံဝန်ထမ်းများနှင့် မြို့ခံများက ဆိုသည်။

သို့သော်လည်း ဆေးရုံဝန်ထမ်း တစ်ဦးကမူ ဘာအကြောင်းကြောင့် ပိတ်တယ်လို့ ရေရေရာရာတော့ မပြောပါဘူး ဟု ပြော သည်။

အခြားတဖက်တွင်မူ ဆေးရုံကို အကြီးစားပြင်ဆင်မှု ပြုလုပ်ရန်အတွက် မတ်လ ၁ ရက်နေ့မှ စ၍ ဧပြီလ ၃၀ ရက်အထိ လူနာလက်မခံပဲ နှစ်လကြာ ဆေးကုသမှု ရပ်နားသွားမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ဝန်ထမ်းများကို အစည်းအဝေးခေါ်ယူကာ အသိပေးခဲ့ခြင်းလည်း ရှိသည်ဟု ဆိုကြသည်။

အသက် ၂၈ နှစ်အရွယ် မယ်ဒီလန်း ဆေးရုံဝန်ထမ်းတစ်ဦးက အကြီးစား ပြင်ဆင်မှုလုပ်မယ်လို့ပဲ ပြောတယ်၊ အခြေခံလစာလည်း ပေးထားမယ်လို့ပြောတယ်၊ ဆေးရုံမှာ လူနာကို လက်မခံတော့ပေမဲ့  လိုအပ်ရင် သွားနေ ပေးရအုန်းမယ် ဟု ပြောသည်။

မယ်ဒီလန်းဆေးရုံသည် ထားဝယ်မြို့တွင် အကြီးဆုံး ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်ပြီး ဆရာဝန်နှင့် သူနာပြုများ အပါအဝင် ဝန်ထမ်းဦးရေ စုစုပေါင်း အယောက် ၃၀၀ ဝန်းကျင်ခန့်ရှိသည်။

ဆေးရုံမပိတ်ခင် ဖေဖော်ဝါရီလ အတွင်း၌ လူနာလက်ခံပြီး ဆေးကုပေးခြင်းများကို လကုန်သည်အထိ ဆက်

လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး ပိတ်ထားသည့် နှစ်လအတွင်း ဝန်ထမ်းများအား သင်တန်း ပေးခြင်းနှင့် ဆေးရုံ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုမှုများလည်း ရှိကြောင်း ဝန်ထမ်းအချို့က ဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်နှင့် သူနာပြု အများအပြား CDM လုပ်ခဲ့ကြခြင်းနှင့် ဆေးပစ္စည်း ကိရိယာများ လုံလောက်မှု မရှိသောကြောင့် ကျန်းမာရေးအတွက် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုသာ ပိုမိုအားကိုးနေကြရသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီက ဖေဖေါ်ဝါရီလ ပထမအပတ် အတွင်းကလည်း မန္တလေးမြို့ရှိ ပန်းလှိုင်ဆေးရုံ အပါဝင် ပုဂ္ဂလိကဆေးရုံ ခုနစ်ရုံကို တစ်ပတ်အတွင်း ပိတ်ခိုင်းခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသေးသည်။

ထားဝယ်မြို့ပေါ်တွင် မယ်ဒီလန်းဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံ ငါးခုရှိသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မယ်ဒီလန်းဆေးရုံ ဆောက်လုပ်ခဲ့သည့် အချိန်က တိုင်းအစိုးရအဖွဲ့မှ သိမ်းဆည်းထားသည့် လယ်ယာမြေများ ပေါ်တွင် တည်ဆောက်ခဲ့ခြင်းကြောင့် လယ်သမားများ၏ ဆန္ဒပြကန့်ကွက်မှုကို ခံခဲ့ရသေးသည်။