ဘီးလင်းမြို့နယ် စခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးသူများကို ထပ်မံ ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။ 

မွန်ပြည် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေး လွှတ် မြောက်သွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ် များက ပြောသည်။

မဲပလီဗျူဟာ စခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး ကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းအဖွဲ့က ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

NUG ကာကွယ်‌ရေးဝန်ကြီးဌာန၊ ‌တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူတစ်ဦးက ၇ ရက်နေ့နဲ့ ၈ ရက်နေ့အထိပေါ့ အခု ဖမ်းမိတဲ့စာရင်းက ၁၉ ယောက်ကို အရင်ဖမ်းမိတယ်။ ပြီးတော့ နောက်ထပ် ၆ ယောက်၊ ပြီးတော့ တစ်ယောက် ထပ်ဖမ်းမိသေးတယ်။ ဆိုတော့ ပေါင်းက ၂၆ ယောက် ထပ်ပြီးဖမ်းမိတယ်။ အရင်ဖမ်းမိတာက ၂၉ ယောက်ရှိတယ် ဟု ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ထပ်မံဖမ်းဆီးခံရသူများတွင် ဆက်သွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဆေးတပ်သား များ၊ အခြားတပ်သားများ ပါဝင်သည်ဟု ဆိုသည်။

‌တောင်ပိုင်းစစ်ဒေသ၏ တာဝန်ရှိသူက လွှတ်နေသေးတဲ့ သူတွေ ရှိတယ်။ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးအဆင့်ရှိတဲ့ အရာရှိ အကြီးပိုင်းတွေ မပါသေးဘူး။ မမိသေးဘူးတဲ့။ မြေပြင်မှာတော့ အားလုံးက ထပ်ပြီး ရှာနေတုန်းပဲ ဟု ဆက်ပြောသည်.။

မဲပလီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ ပေါင်းတိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲထဲ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံးခဲ့သည်ဟု ကရင် အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ အလားတူ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံးခဲ့သည်။ 

ဖေဖော်ဝါရီလ ၅ ရက်နေ့ KNU ၏ ကနဦးထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၂၉ ဦး ရှိခဲ့ရာ ဒဏ်ရာရရှိထားသူ ၁၃ ဦးပါဝင်သည်။

မဲပလီ စခန်းသိမ်းတိုက်ပွဲ ပြီးသည့်နောက် လက်ရှိအချိန်ထိ စစ်ကောင်စီက မဲပလီကျေးရွာ အုပ်စုအတွင်းရှိ ကျေး ရွာများထဲသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် အပြင် ခြေမြန်တပ်ရင်း ခရမ-၃ ကနေလည်း လက်နက် ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင် နေကြရဆဲ ဖြစ် သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်များမှုကြောင့် ကျေးရွာပေါင်း ၁၉ ရွာက အရပ်သားလေးထောင်နီးပါး (၃၉၈၆ ဦး) ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု KNU က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန္နဝါရီလမှ စတင်ပြီး ထိုးစစ်ဆင်ခဲ့ရသည့် မဲပလီဗျူဟာစခန်းမှာ KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၅ နှစ်ခုကြားတွင် ရှိပြီး တပ်မဟာ နှစ်ခုကြား သွားလာ ရေးကို ပိတ်ဆို့ထားသည့် အဓိကနေရာလည်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။