ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ ငွေကြေး လိမ်လည်တောင်းခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်။ 

မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင် အများစုတွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းနှင့် ထောင်အာဏာပိုင်များက အကျဉ်းသားများအပေါ် ငွေကြေးလိမ်လည် တောင်းခံလျက်ရှိသည်ဟု ထောင်ဝင်စာ လစဉ်တွေ့နေသူများက ပြောသည်။

မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းရှိ အကျဉ်းထောင်များတွင် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း ငွေကြေး လိမ်လည်မှုများ ကြုံတွေ့နေရပြီး ခံရသူအများစုမှာ နိုင်ကျဉ်းများ ဖြစ်ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကျနော်တို့ အခုထုတ်ပြန်လိုက်တဲ့ စာရင်းက အဆိုးဆုံး ထောင်တွေကို ထုတ်ပြန်တာ ဖြစ်ပါတယ်။ ထောင်တိုင်း နီးပါးမှာတော့ ဖြစ်နေတယ်။ ကျနော်တို့ သက်သေအချက်အလက် မရဘဲနဲ့ ပြောတာထက် သက်သေ အချက် အလက် ကိုင်ထားနိုင်တဲ့ ထောင်တွေကို ထုတ်ပြတယ်။ အဲဒီထဲမှာမှ ဆိုးဆိုးဝါးဝါး လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ် ဟု ပြောသည်။

ဒိုက်ဦးထောင်တွင် အိပ်ဆောင် ၄ မှ အဆောင်မှူးမှ နိုင်ကျဉ်းများ ဆေးရုံတက်နေရသည်ဟု ဆိုကာ ၎င်းတို့ မိသားစုဝင်များထံ ငွေကြေးလိမ်လည် တောင်းခံလျက်ရှိပြီး အဆိုပါကိစ္စအား ပေါက်ကြားပါက လည်း အမှုထပ်မံတွဲခံရမည်ဆိုသည့်အကြောင်း ခြိမ်းခြောက်ထားသည်ဟု PPNM က ဆိုသည်။

အလားတူ အိုးဘိုထောင်တွင်လည်း ဝန်ထမ်းဖြစ်သူ တစ်ဦးက နိုင်ကျဉ်းများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကြောင့် ဓါတ်ဆားဖိုးအတွက် ငွေကြေးကောက်ခံလျက်ရှိပြီး ညောင်ဦးထောင်နှင့် မြိတ်ထောင်တွင်လည်း နိုင် ကျဉ်းများမှ ပစ္စည်းမှာ ခိုင်းသည်ဟု ဆိုကာ မိသားစုဝင်များထံ ငွေကြေးကောက်ခံလျက်ရှိသည် ဟု ထောင်တွင်း အရင်းအမြစ်များက ပြောသည်။

ထို့အပြင် ပခုက္ကူထောင်၌လည်း ဝန်ထမ်းဖြစ်သူ တစ်ဦးက ဆရာသော် အမည်ဝှက်ဖြင့် အကျဉ်းသား များထံ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးလိမ်လည် ကောက်ခံလျက်ရှိသည်ဟု ဆိုကြသည်။

ကိုသိုက်ထွန်းဦးက ထောင်မှာက သတင်းထုတ်သည် ဖြစ်စေ မထုတ်သည် ဖြစ်စေ ထောင်မှာ ဖြစ်ရိုး ဖြစ်စဉ်က တော့ ဖြစ်ရိုးဖြစ်စဉ် က ဖြစ်နေမှာပဲ။ ဒါပေမယ့် ရပ်တန့်ကောင်းပါရဲ့ ခံစားချက်တွေ ယူဆချက်တွေနဲ့ပဲ ဆက် လုပ်နေကြတာပေါ့နော်။ အထဲက ရဲဘော်တွေက ဒီလိုပဲ တင်းခံနေကြတယ်ဆိုတော့လေ။ ဘာမှ မလုပ်တာထက် စာရင် လုပ်တာက သူတို့ အတွက် လျော့ကျသွားနိုင်မယ်ဆိုတဲ့ ယူဆချက်တခုနဲ့ပဲ သတင်း ထုတ်ပြန်နေတာမျိုး တွေ ဆက်လုပ်နေတာ ဖြစ်ပါတယ် ဟု ဆက်ပြောသည်။

လက်ရှိ ကြုံတွေ့နေရသည့် ထောင်တွင်းငွေကြေး လိမ်လည်မှုများတွင် ၅ သောင်းကျပ်မှ သိန်းရာကျော်အထိ ပါဝင်ပြီး အဆိုပါ လုပ်ရပ်များအား ရပ်တန့်ကြရန် PPNM က သတိပေးထုတ်ပြန်ထားသည်။

သို့ဖြစ်၍ PPNM အနေဖြင့်လည်း ထောင်တွင်း အခြေအနေများအား စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည် ရှိသော် ဓါတ်ပုံနှင့်တကွ ထုတ်ပြန်၍ လူမှုရေးပြစ်ဒဏ်ပါ ပေးသွားမည်ဟု ဆိုထားသည်။