မိုးကုတ်ဗုံးကြဲမှု အရပ်သား ၅ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။ 

မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး ခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက အခုသေတာက ၅ ယောက်၊ ၅ ယောက်လုံးက ယောက်ကျားလေးတွေပဲ။ ဒဏ်ရာရတာက ၂၀ ပေ့ါ၊ အယောက် ၂၀ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ထဲမှတော့ အမျိုးသမီးတွေလည်းပါ တယ်။ လူကြီးပိုင်းလည်း ပါတယ်။ ဗုံးကြဲခံရတဲ့နေရာ ကျောက်တူးတဲ့ လုပ်ကွက်ပေါ့နော်၊ အဲ့ဒီထဲမှာ ဒီဒေသခံ တွေ အများကြီးဆိုတော့လေ။ အခုပြောသလောက်ဆို အားလုံး အရမ်း အိပ်မောကျနေတဲ့ အချိန် လာကြဲသွား တာလို့ ပြောတယ်။ လေယာဉ်က နိမ့်နိမ့်လေးကနေ လာကြဲသွားတာ ဟု ပြောသည်။

မိုးကုတ်မြို့သည် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က ထိန်းချုပ်ထားသည့် မြို့ ဖြစ်သည်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ထိမှန်သေဆုံးသူများမှာ အရပ်သားပြည်သူများ ဖြစ်သည်ဟု ဆိုသည်။ 

ယနေ့နံနက်အစောပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာမှာ ဒေသတွင်းရှိ ပြည်သူများ ကျောက်တူး ဖော်သည့် လုပ်ကွက်နေရာ ဖြစ်သောကြောင့် သေဆုံးသူများမှာ ကျောက်တူးသမားများ ဖြစ်နိုင်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ကွက်နေရာကို ဝင်းထရဲ ကျောက်တူးဖော်ရေး လုပ်ကွက်နေရာဟု ခေါ်ပြီး မိုးကုတ်မြို့ အနောက် ဘက်တွင် ရှိသည်။

မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ဒီနေ့ ကြဲခံရတဲ့နေရာက မိုးကုတ်မြို့မှာဆိုရင်တော့ မြို့အစွန်တော့ နည်း နည်းကျတယ်။ မြို့ထဲရပ်ကွက်တွေနဲ့ ဆိုရင်တော့ ၁၀ မိနစ်လောက် သွားရတယ်။ အဲ့ဘက်မှာမှ ဒီကျောက်တူးတဲ့ ဝင်းထရံလုပ်ကွက်ပေါ့နော်၊ အဲ့ဒီလုပ်ကွက်ထဲကို ကြဲတာ။ အဲ့ဒီလုပ်ကွက်က ရွာနှစ်ရွာကြားမှာ ရှိတာ။ သေသွား တဲ့သူတွေ အားလုံးက အရပ်သားတွေပဲ။ အိမ်လည်း ၇ လုံးလောက် မီးလောင်ပျက်စီးသွားတယ် ဟု ပြော သည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ TNLA တပ်မဟာ ၂ နယ်မြေ ဟု သတ်မှတ်ထားသည့် မိုးကုတ်မြို့နယ်အတွင်းရှိ ဝင်းထရံ ကျောက်လုပ်ကွက်နေရအား ဗုံးအလုံး ၂၀ ဝန်းကျင် ကြဲချခဲ့ကြောင်း ရေးသား ထားသည်။

မိုးကုတ်မြို့အား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY- PDF နှင့် ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိတွင် PSLF/TNLA က ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။