စစ်ခေါင်းဆောင်အား ဖိတ်ကြားမှု ထိုင်း လွှတ်တော်အမတ် မေးခွန်းထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံတွင် ကျင်းပမည့် BIMSTEC ထိပ်သီး အစည်း အဝေး တက်ရန် ဖိတ်ကြားမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အနေဖြင့် ရှင်းလင်စွာ တင်ပြရန် လိုအပ်ကြောင်း ထိုင်းလွှတ်တော် အမတ်က ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံ MRTV က ဧပြီလ ၂ ရက် ည ၈ နာရီ သတင်း တွင် ကြေညာထားသည်။
စစ်ခေါင်းဆောင်အား ဖိတ်ကြားမှုနှင့် ပတ်သက်၍ ထိုင်းလွှတ်တော်အမတ် ကနဝီ (Kannavee Suebsang) က “ဝန်ကြီးချုပ်ကို မေးမြန်း ချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအထိ သက် ရောက်ခဲ့တဲ့ ငလျင်ကြောင့် လူတိုင်း စိတ်မကောင်း ဖြစ်နေကြချိန်မှာ နိုင်ငံအများအပြားက ဝမ်းနည်းကြောင်း ပြသနေချိန်မှာ ကျနော်တို့က စစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ခေါ်ခဲ့လို့ ဖြစ်ပါတယ်” ဟု ဧပြီလ ၃ ရက် နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးကို ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။
ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ၂ မိနစ်အကြာမှာ မင်းအောင်လှိုင် က တိုက်လေယာဉ်တွေနဲ့ တစ်နိုင်ငံလုံးက အရပ်သားတွေကို လေကြောင်းကနေ ကျယ်ကျယ် ပြန့်ပြန့် တိုက်ခိုက်ဖို့ အမိန့်ပေး စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ကနေ ၃၁ ရက်နေ့အတွင်း တိုက်ခိုက်မှု အကြိမ် ၂၀ ရှိခဲ့ပြီး လူ ၁၂ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မနေ့ကအထိ တိုက်ခိုက်မှုပေါင်း ၄၈ ကြိမ် ရှိခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ တရားဝင် ဖိတ်ကြားခဲ့တဲ့ အကြောင်းအရင်းကို လာရောက် ရှင်းလင်း တင်ပြရပါမယ်” ဟု ဆက်လက် မေးခွန်းထုတ်ထားသည်။
စစ်ခေါင်းဆောင်အား နိုင်ငံတကာတွင် တရားဝင် အစည်းအဝေးကြီးများတွင် ဖိတ်ကြားခြင်းမျိုး မရှိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် နိုင်ငံခြား ခရီးစဉ်အနေဖြင့် ရုရှားနှင့် တရုတ်နိုင်ငံ ကိုပဲ သွားရောက်ခဲ့ကြောင်း၊ တတိယမြောက် သွားရောက်မည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်လာသည်ဟု ဆိုသည်။
စစ်ခေါင်းဆောင်အား ယခု အစည်းအဝေးသို့ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာ ရပ်တည်ချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိလွယ်ရှလွယ် အခြေအနေမျိုးတွင် ရှိနေကြောင်း၊ ထိုင်းနိုင်ငံမှာ ဝေဖန်တိုက် ခိုက်မှုကို ခံရမှာ သေချာကြောင်း ထို့ကြောင့် လွှတ်တော် အစည်းအဝေးမှတဆင့် ဝန်ကြီးချုပ်ထံ မေးခွန်းမေးလို ပါသည်ဟု ထိုင်းလွှတ်တော်အမတ် ကနဝီ က ဆိုသည်။
မြန်မာနိုင်ငံတွင် ငလျင် လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်ငံအထိ သက်ရောက်ခဲ့သည့် ငလျင်ကြောင့် လူတိုင်း စိတ်မကောင်း ဖြစ်နေကြချိန်၊ နိုင်ငံအများအပြားက ဝမ်းနည်းကြောင်း ပြသနေချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် စစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မေးခွန်းထုတ်ရခြင်း ဖြစ်သည်ဟုလည်း ပြောဆိုထားသည်။
အလားတူ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီး အစည်းအဝေးတွင် ပါဝင် ခွင့်ပေးသည့် အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ (APHR) ကလည်း ဧပြီလ ၂ ရက်နေ့တွင် ထောက်ပြ ဝေဖန်လိုက်သည်။
စစ်အာဏာရှင်ကို တွန်းလှန်နေသည့် ပြည်သူလူကိုကို ထောက်ပံ့ရမည့်အစား စစ်အစိုးရကို စင်မြင့်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု အိန္ဒိယ၊ ထိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နှင့် မြန်မာနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည် APHR အဖွဲ့က ဆိုသည်။
စစ်ကောင်စီကို စားပွဲဝိုင်းတွင် နေရာပေးခြင်းက ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်မှုကို တရားဝင်စေရုံ သာမက BIMSTEC အဖွဲ့၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များ အပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေသည်ဟု APHR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။