လေးကေကော်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်။
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ လေးကေကော်မြို့သစ် အနီးတွင် စစ်ကော်မရှင်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်နေ ကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကော်မရှင်တပ်သည် မြဝတီမြို့ တောင်ဘက်တွင် ဆုံးရှုံးထားသည့် တပ်စခန်းများကို ပြန်လည်ရယူရန် အတွက် ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများ ယူကာ စစ်ကြောင်း ၅ ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
လေးကေ့ကော်မြို့သစ်နားက ရေကန်ကုန်းကလေးဘက်မှ ထိုးဖောက်ဝင်ရောက်လာသည့် စစ်ကြောင်းနှင့် အောက်တိုဘာလဆန်းအထိ တိုက်ပွဲများ ပြင်းထန်နေသည်။
တိုက်ပွဲများတွင် နှစ်ဖက်အကျအဆုံး များနေပြီး လက်ရှိအချိန်ထိ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်ကရော၊ စစ်ကော်မရှင်တပ်ဘက်ကပါ တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
လေကြောင်းတိုက်ခိုက်မှု နည်းပါးသော်လည်း သင်္ကန်းညီနောင်ဘက်မှ မစ်ဇိုင်းဒုံးများ၊ လက်နက်ကြီးများနှင့် မောင်းသူမဲ့ ကာမီကာဇေဒုံးများဖြင့် စစ်ကူပစ်ပေးနေကြောင်း တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် လေးကေကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စသည့်ရွာများမှ ဒေသခံ ထောင်နှင့်ချီကာ သောင်းရင်းမြစ်တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် ယာယီတဲများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း အကူအညီပေးနေသူများက ဆိုသည်။