ဆန္ဒပြသူ နှစ်ဦးကို ဖျာပုံ တရားရုံးက အကြမ်းဖက်ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ဧရာဝတီတိုင်း ဖျာပုံတရားရုံးက ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူ အမျိုးသား ၂ ဦးကို အကြမ်းဖက် ပုဒ်မ တပ်ကာ တစ်ဦးကို ထောင် ၁၀ နှစ် ချပြီး နောက်တစ်ဦးကို ထောင် ၁၅ နှစ် အမိန့်ချခဲ့သည်။

တစ်နှစ်ကျော် အကြာက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသော ဖျာပုံမြို့ခံ ကိုကြည်လွင်နှင့် ကိုသန်းလွင်တို့ နှစ်ဦးကို ဒု-ရဲမှူးဌေးဇော်မှ တရားလိုလုပ်တိုင်ကြားကာ တရားသူကြီး ဒေါ် ဇင်မာ ဦးက ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်အတွင်း ထောင်ဒဏ် အသီးသီး ချလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေ အသိုင်း အဝိုင်းက ပြောသည်။

“ဖမ်းတုန်းက ဆန္ဒပြလို့ ဖမ်းတာ အမှုဖွင့်တော့ အကြမ်းဖက်မှု ဆိုတော့ တရားစွဲ အမှုဖွင့်တာ အမိန့်ချတာတွေက တလွဲစီ ဖြစ်နေတယ်။ အထက်က အမိန့်ဆိုပြီးတော့ စာရွက် ဖတ်ပြသွားတာ” ဟု ရှေ့နေ အသိုင်းအဝိုင်း နှင့် နီးစပ် သူ တစ်ဦးက ပြောသည်။

ကိုသန်းလွင် ဆိုသူကို ပုဒ်မ ၅၀ ည နှင့် ပုဒ်မ ၅၂ က တို့ဖြင့် ၁၅ နှစ် ကိုကြည်လွင် ဆိုသူကို ပုဒ်မ ၅၀-ည ဖြင့် ၁၀ နှစ်စီ တိုင်းတရားရုံးက အမိန့်ချခိုင်းသည်ဟုဆိုကာ ခရိုင်တရားသူကြီး ဒေါ်ဇင်မာဦးက စီရင်ချက် အမိန့်စာကို ဖတ်ပြခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ပြစ်မှုဖြစ်စဉ် နှင့် စွဲဆိုသည့် ပြစ်မှုဆိုင်ရာ ပုဒ်မမှာ လွဲချော်ပြီး အပြစ်ဒဏ်စီရင်ချက်ကို အကြမ်းဖက် ပုဒ်မ ၅၀-ည နှင့် ပုဒ်မ ၅၂-က တို့ပါ ဥပဒေ ပြဌာန်းချက်ပါအတိုင်း အမိန့်ချလိုက်သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး က ရှင်းပြသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး က “အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေပါပြဌာန်းချက် အတိုင်း အမိန့်ချတာ ဆိုပေမယ့် ရုံးတော်မှာ အကြမ်းဖက် တာနဲ့ ပါတ်သက်ပြီး ခိုင်မာတဲ့ ပစ္စည်းသက်သေ လူသက်သေ တင်ပြနိုင်တာ မရှိခဲ့ဘူး။ ဖမ်းတာတရားစွဲတာမှာ လုပ်ထုံးလုပ်နည်းတွေက ဥပဒေနဲ့ မညီညွှတ်ဘူး” ဟု ပြောသည်။

ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံရသည့် ကိုသန်းလွင်နှင့် ကိုကြည်လွင်တို့မှာ အကြမ်းဖက်မှု ပြုလုပ်ခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးကို ငွေမပေးနိုင်သဖြင့် ထောင်ချခံလိုက်ရခြင်းဖြစ်သည် ဟု ဒေသခံ လူ အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်အဖွဲ့ က ဝေဖန်ပြောဆိုထားသည်။

ဖျာပုံမြို့ခံ ကိုကြည်လွင်နှင့် ကိုသန်းလွင်တို့ နှစ်ဦးကို စစ်တပ် အာဏာသိမ်းမှုအား ဖျာပုံမြို့ခံများက ဆန့်ကျင် ကန့် ကွက် ဆန္ဒပြရာတွင် ပါဝင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်ဟု ဖျာပုံမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောပြသည်။