လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် ပြည်တွင် လူ ၃ ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် အမျိုးသား ၃ ဦးအား အာဏာသိမ်းစ ဓါတ်ပုံများပြ၍ ဖမ်းဆီးလိုက်သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြော သည်။
ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာ အရှေ့ပေါက်လမ်းတွင် အမျိုးသား ၃ ဦးကို ယခင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသည့် အစောပိုင်းကာလတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ချိန် ပါဝင်ခဲ့စဉ်က ဓါတ်ပုံများဖြင့် စစ် ကောင်စီ လက်အောက်ခံ ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ ရဲတပ်ဖွဲ့များက ရာအိမ်မှူး တိုင်ကြားချက်ကြောင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များ က ပြောသည်။
“သူတို့ ၃ ယောက်လုံးကို အရင်ပတ် ကတည်းက ရာအိမ်မှူးက ကြိမ်းဝါးထားတယ်။ သူ့ကို ဒလန် လို့ ပြောတဲ့ လူ တွေကို ဖမ်းပြမယ်ဆိုပြီးတော့လေ။ သူတို့လည်း တကယ် မလုပ်လောက်ဘူး ထင်လို့ ရှောင်တိမ်းတာတွေ မလုပ် ထားဘူးလေ။ အခုထိတော့ တွေ့ခွင့်မရသေးဘူး” ဟု ၎င်းတို့ထဲမှ တစ်ဦး၏ မိသားစုဝင်ဖြစ်သူ တစ်ဦးက ပြော သည်။
ဖမ်းဆီးခံရသူများမှာ ကိုအောင်ဘိုဘို၊ ကိုဝေဖြိုးဟိန်း၊ ကိုအောင်လေးတို့ ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးလုံးမှာ စစ် ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ဒလန်ဟု စွပ်စွဲပြောဆိုခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ စွပ်စွဲ ပြောဆိုခဲ့ပြီးနောက်တွင် အဆိုပါ ရာအိမ်မှူးမှ မကြေမနပ်ဖြစ်ကာ ပြည်မြို့အမှတ် ၂ ရဲစခန်းသို့ သွား ရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟုလည်း ရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။
ထို့နောက်တွင် ကိုအောင်လေးနှင့် ကိုဖြိုးဝေဟိန်းတို့ ရှိရာနေအိမ်များသို့ အမှတ်-၂ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များအား လိုက်လံပြသခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ဖမ်းဆီးစေခဲ့သည်ဟု ဆိုသည်။
“ကျနော့်ကို ဒလန်လို့ပြောတာ ဒီကောင်တွေပါ။ ဒီကောင်တွေ PDF နဲ့ လည်း အဆက်သွယ်ရှိတယ်။ ရပ်ကွက် ဆူ ပူအောင် လူငယ်တွေကို စည်းရုံးလှုံ့ဆော်နေတယ်။ စခန်းမှူး တာဝန်အရ အရေးယူပါ” ဟု ရာအိမ်မှူးဆိုသူမှ စခန်းမှူးအား ၎င်းတို့အား ဖမ်းဆီးစဉ်တွင် ပြောကြားခဲ့သည်ဟု ကိုအောင်လေး၏ မိသားစုဝင် တစ်ဦးက ပြော သည်။
ထို့နောက် နိုဝင်ဘာလ ၉ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်တွင် ကိုအောင်ဘိုဘို အလုပ်လုပ်နေသော လက်ဘက် ရည်ဆိုင်သို့ စစ်ကားတစ်စီး၊ ရဲကား ၂ စီးတို့ဖြင့် ရဲနှင့် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် ရောက်ရှိလာပြီး ၎င်းအား ရိုက်နှက်ဖမ်းဆီးကာ ခေါ်ဆောင်သွားသည်ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
၎င်းတို့ ၃ ဦးအား ဖမ်းဆီးရာတွင် စွဲချက်တင်ရန် သက်သေအထောက်အထား မရှိသောကြောင့် ယခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ရိုက်ကူးထားသည့် ဆန္ဒပြဓါတ်ပုံများဖြင့် ပြသကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက်တွင်လည်း တွေ့ဆုံခွင့်မပေးဘဲ စခန်းမှူးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် စွဲချက် တင်ထားသည်ဟု ပြောကြားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
၎င်းတို့ ၃ ဦး ဖမ်းဆီးခံရသည်မှာ ၄ ရက်ကြာပြီ ဖြစ်သော်လည်း အမှတ် ၂ မြို့မရဲစခန်းတွင် မတွေ့ရဘဲ စစ်ကြော ရေးသို့ ပို့လိုက်ပြီဟု သတင်းရရှိထားသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေ ကြသည်။