စစ်ကောင်စီ ရဲစခန်းအား နဂါးနီ ပြောက်ကျားအဖွဲ့ လက်စားချေ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့မှုနှင့် အရပ်သားများ ထိခိုက်မှုအပေါ် လက်စားချေသည့်အနေဖြင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ရဲစခန်းတစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မတ္တရာ တာဝန် ရှိသူက ပြောသည်။
အဆိုပါ ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာရှိ ရဲစခန်း လက်နက်ကြီး/ငယ်များဖြင့် သောကြာနေ့ ညပိုင်းအချိန်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နဂါးနီပျောက်ကျားတပ်ဖွဲ့ -မတ္တရာ တာဝန်ရှိသူက “၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သွားပစ်ခဲ့တာပါ။ တန် ဆောင်မုန်း လပြည့်ညက အဲ့စခန်းကနေ လက်နက် ကြီး ရမ်းပစ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံး ခဲ့ရတာရယ်၊ အဖွားနဲ့မြေးနဲ့ အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့ တာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ပစ်ခဲ့တာ” ဟု ပြောသည်။
အဆိုပါရဲစခန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရှိမ်းမကားကျေးရွာအတွင်းနှင့် အနီးနားရှိ ကျေးရွာ များတွင် စစ်ကောင်စီတပ်က အင်အား ထပ်မံဖြည့်တင်းမှုများ ပြုလုပ်ထားပြီး လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်နေမှုများလည်း ပိုမိုများပြားလာနေသည်ဟု ဆိုသည်။
ရှိန်းမကား ကျေးရွာ ရဲစခန်းအတွင်းတွင် စစ်တပ်က တပ်သား အင်အား ၅၀ ဝန်းကျင်ခန့် ရှိနေပြီး သောကြာနေ့၊ ညနေ ၆ နာရီဝန်းကျင် အချိန်ခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့- မတ္တရာ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်က ရှိန်းမကား ရဲစခန်းထဲမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေကိုမူ မသိရသေးဘူး ဟု ဆိုသည်။
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့ လက်နက်ကြီးကျည်စ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာ အခြေ အနေ မစိုးရိမ်ရဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းဆေးရုံကို ပို့ဆောင်၍ ဆေးကုသမှု ခံယူထားရသည့် အဖွားဖြစ်သူ ဒဏ်ရာ သက်သာလာပြီး အသက် ၁ နှစ် အရွယ်ကလေးနှင့် အမျိုးသားတစ်ဦးမှာ အခြေအနေစိုးရိမ်ရသေးသည်ဟု ဆိုသည်။