အာဏာသိမ်းနောက်ပိုင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ၄၃ ဦးမှာ ထောင်တွင်း အကျဉ်းချခံထားရဆဲ ဖြစ်သည်ဟု လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ (IPCM) က ထုတ်ပြန်သည်။

အကျဉ်းကျခံနေရသူများ အနက် ထောင်ဒဏ် တသက်တကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ် (၁၀ နှစ်အထက်) ကျခံနေ ရသူ ၁၁ ဦး ပါဝင်ပြီး ကျန်သတင်းသမားများမှာ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အတွင်း ကျခံနေရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်ချက်တွင် ဆိုထားသည်။

 လောလောဆယ် ဖမ်းဆီးထောင်ချခံထားရတဲ့ ကိုယ့်နိုင်ငံထဲက သတင်းသမားတွေ အတွက်ကတော့ အရေးပေါ်အနေနဲ့ လောလောဆယ် နိုင်တဲ့ဖက်ကနေ လုပ်နေတယ်ပေါ့။ တဖက်မှာလည်း အဲဒီ အပိုင်းတွေကို ပိုပြီးတော့ လုပ်သွားနိုင်အောင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းသမားပဲ မဟုတ်ဘူး။ တချို့ သတင်းသမားတွေက သူတို့ မိသားစုဝင်ကအစ အခက်အခဲတွေ ရှိတယ်။”  ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။ 

“အပြည့်အဝကြီး အကူအညီပေးနိုင်သေးသည့်တိုင်အောင် IPCM အနေနဲ့ကတော့လည်း အရေးပေါ် အကူအညီလေးတွေကိုလည်း ကျန်တဲ့ ကူညီထောက်ပံ့နိုင်တဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အဲဒါတွေ လုပ်ဆောင်နေကြတာ ရှိပါတယ် ဟု ဆက်ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခံ သတင်းသမားများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ ၅၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မများဖြင့် အရေးယူခဲ့ခြင်း ဖြစ် သည်။

ယင်းတို့အနက် ၅၀၅-က၊ ၅၀၅-ခ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများကို စစ်ကောင်စီက အများ ဆုံး အသုံးပြု၍ ဖမ်ဆီးထောင်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

နန်းဖော့ဂေက “IPCM အနေနဲ့က လောလောဆယ် ဘဏ္ဍာရေး တောင့်တင်းခိုင်မာမှု မရှိတဲ့အခါကျတော့ အဖွဲ့ ဝင်မှ မဟုတ်ဘူးပေါ့နော် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းသမားတွေ၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေ အတွက် အရေးပေါ် ရံပုံငွေ အပိုင်းတွေ စဉ်းစားထားတာ ရှိတယ်။ လုပ်ဆောင်သွားနေတာလည်း ရှိတယ်။ ဒါ ပေမယ့်လည်း ပြည့်ဝတဲ့ဟာတော့ မဟုတ်ဘူး။” ဟု ပြောသည်။  “အတတ်နိုင်ဆုံး ကိုယ်ချည်းပဲ မဟုတ်ဘဲနဲ့ တခြား မိတ်ဖက် အစုအဖွဲ့တွေလည်း ဝိုင်းဝန်းပြီးမှ လုပ်ဆောင်သွားရမယ့်ဟာမျိုးပေါ့နော် အဲလိုမျိုး ကြိုးစားသွား မယ် ဟု ဆက် ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် သတင်းသမားဦးရေ အနည်းဆုံး အယောက် ၃၀ မှ အများဆုံး အယောက် ၆၀ အထိ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

လတ်တလော IPCM အနေဖြင့် ဖမ်းဆီးခံ သတင်းသမားများအတွက် သာမက လုံခြုံရေး အခြေအနေအရ ပြည် တွင်းမှ ပြည်ပသို့ ပြောင်းရွှေ့လာသည့် သတင်းသမားများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ကူညီပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ ပြည်တွင်း၌ ရပ်တည်နေရသော သတင်းသမားများ အနေဖြင့် မြေပြင်တွင် တစ်စုံတစ်ရာ အကြမ်းဖက် ခံရမှု၊ ဖမ်းဆီးခံရမှုများ ရှိပါကလည်း IPCM ၏ Email၊ အဖွဲ့ဝင် သတင်းမီဒီယာတိုက်၊ အဖွဲ့ဝင် သတင်းသမားများ ထံမှ တဆင့် ဆက်သွယ် တိုင်ကြားနိုင်သည်ဟုလည်း ဆိုထားသည်။

(ဓာတ်ပုံ – AP)