ဆီဆိုင်တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်မှ အဆိပ်ဗုံးများ အသုံးပြုလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ၂ ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်မှ အဆိပ်ဗုံးများဖြင့် တိုက်ခိုက်လာသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခင်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးများ၌ အဆိပ်များကို ရောနှောထည့်သွင်းပြီး ဗုံးသီး တစ်လုံးစီတိုင်းတွင် အဆိပ်ငွေ့ထွက်ပေါက် ၄ ပေါက်ပါဝင်သည်ဟု မြေပြင်အရင်းအမြစ်များက ပြောဆိုသည်။
PNLA စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “စစ်ကောင်စီက ဒီလိုမျိုး အဆိပ်ဗုံးကို ပြောင်ပြောင် တင်းတင်း အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါက လူသားအပေါ် ကျူးလွန်နေတဲ့ လူသား ရာဇဝတ်မှု စစ်ရာ ဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒါတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူစစ်က ပအိုဝ်းတွေကို အဆိပ်နဲ့ သတ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတုံး သတ်ဖြတ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး အဆိပ်ကျည် ပေါင်းစွာကို ပအိုဝ်းရွာတွေထဲ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဇန္နဝါရီလ စတုတ္ထအပတ်အတွင်း အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ ပအိုဝ်း ပြည်သူ့စစ် အဖွဲ့ (PNA) ပူးပေါင်းတပ်များက နေ့စဉ်ရက်ဆက် အဆိပ်ဗုံးများဖြင့် ပစ်ခတ်မှုကြောင့် PNLA တပ်ဖွဲ့ ဝင် ၅ ဦးထက် မနည်း ယားယံခြင်း၊ မူးဝေအော့အန်ခြင်း၊ ဖျားနာခြင်း ဝေဒနာများ ခံစားခဲ့ကြရသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် ဇန္နဝါရီလ ၂၄ ရက်နေ့က ပစ်ခတ်မှု၌လည်း မပေါက်ကွဲသေးသည့် အဆိပ်ဗုံးတစ်လုံးအား PNLA က တူးဖာ်ရရှိခဲ့သည်ဟု ခွန်ရိန်းယံက ဆက်လက်ပြောဆိုသည်။
“ဒါကတော့ ကျနော်တူးဖော်ရရှိတဲ့ တစ်လုံးပေါ့လေ။ သူတို့ အဆိပ်သုံးလာတာကတော့ အလုံးပေါင်းများစွာ ရှိပါတယ်။ ဒါက မကွဲလို့ ကျနော်တို့ တူးဖော်ရရှိခဲ့တဲ့ တစ်လုံးပါ။”
ပအိုဝ်းဒေသများအတွင်း အဆိပ်ဗုံး အသုံးပြုလာမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဇန္နဝါရီလ ၂၂ ရက်နေ့တွင် ၄ ကြိမ်၊ ၂၃ ရက်နေ့တွင် ၂ ကြိမ်၊ ၂၄ ရက်နေ့တွင် ၂ ကြိမ် ၃ ရက်အတွင်း စုစုပေါင်း ၈ ကြိမ်အထိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူလူထု နေထိုင်တဲ့ ကျေးရွာတွေကို မီးလောင်ဗုံး၊ အဆိပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စစ်ကောင်စီနဲ့ သူတို့လက်ပါးစေ ပြည်သူ့စစ်တွေက ပြောင်ပြောင်တင်းတင်း လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်နေတာကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဒီအတိုင်း မျက်စိပိတ် နားပိတ်နေနေတာကို တွေ့ရ တာလည်း အင်မတန် အံ့ဩနေရပါတယ်” ဟု ခွန်ရိန်းယံက နိုင်ငံတကာအဖွဲ့အစည်းများသို့ တောင်းဆိုသည်။
ဆီဆိုင်မြို့နယ်တွင် ဇန္နဝါရီလ အစောပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ၊ PNA ပူးပေါင်း တပ်ဖက်မှ အယောက် ၂၀၀ ကျော် သေဆုံးခဲ့သော်လည်း ၎င်းတို့မှာ ပအိုဝ်းကျေးရွာများရှိ အရပ်သားများအား ပေါ်တာဆွဲ၍ အင်အား ၇၀၀ ဖြင့် ထပ်မံ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းမှာ ပအိုဝ်းကျေးရွာများ၌ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ တပ်သားသစ် စုဆောင်းခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည် ဖြစ်ရာ ယခု ၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း ပအိုဝ်းဒေသများရှိ အရပ်သားစုစုပေါင်း ၄ ထောင်ကျော်မှာ စစ်ရှောင်နေကြရသည်။