ငလျင်ဒဏ်ကြောင့် ထိုင်းတွင် သေဆုံးသူ တရားဝင် အလုပ်သမားများ ဘတ် ၁၇ သိန်း လျော်ကြေးရမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုထဲ သေဆုံးသူများအတွက် တစ်ဦးလျှင် လျော်ကြေးငွေ ဘတ် ၁၇ သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန် သည်။ 

သို့သော် အဆိုပါ လျော်ကြေး ဘတ် ၁၇ သိန်းသည် အထောက်အထား ရှိသူများအတွက်သာ ဖြစ်သည်ဟု ဆိုသည်။

မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက သူတို့ update တင်ထား တဲ့ထဲမှာတော့ ကျနော်တို့ သိသလောက် အထောက်အထား ရှိတဲ့သူတွေ အတွက်ပဲ update တင်ထားတယ် ပေါ့နော်။ ကျနော်တို့ တရားမဝင်တဲ့ အလုပ်သမားတွေလည်း ဒီအထဲမှာ ရှိနိုင်သေးတယ်ဟု ပြောသည်။

အထောက်အထား မရှိသူများသည် အလုပ်ရှင်ထံမှ နစ်နာကြေးကိုသာ ရရှိမည်ဖြစ်သောကြောင့် ထိုင်းအစိုးရထံမှ နစ်နာကြေး မရရှိဘဲ ကျန်ခဲ့မည်ကို စိုးရိမ်နေရကြောင်း ကိုမုန်တိုင်းက ပြောသည်။

အဲတော့ တရားမဝင်တဲ့ အလုပ်သမားတွေရော ဒီလိုမျိုး စာရင်း မရနိုင်သေးဘူးပေါ့နော်။ အဲအတွက်ကိုလည်း ကျတော်က အရမ်း စိုးရိမ်ရတယ်။ စာရင်း ပျောက်မှာ စိုးရိမ်ရတယ်ပေါ့ဗျာဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒဏ်ရာရသူများကို ၆ လ လစာ၏ ၅၀ ရာခိုင်နှုန်း လျော်ကြေးပေးပြီး ပြန်လည် ကောင်းမွန်လာသည် အထိ ဆေးကုသပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား အမြဲတမ်း အတွင်းဝန်က ပြောသည်။ 

ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်ဖြင့် ဝင်ရောက်လာသူများ အပါအဝင် တရားမဝင် ဝင်ရောက်လာပြီး အထောက်အထားမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသူများလည်း ပါဝင်နေသည်ဟု ဆိုသည်။ 

အပျက်အစီးများ အောက်တွင် ပိတ်မိပြီး ပျောက်ဆုံးနေသည့် အလုပ်သမားများကို ရှာဖွေနေဆဲဖြစ်ပြီး မြန်မာ အလုပ်သမား ၂၄ ဦး အပါအဝင် ထိုင်းအလုပ်သမား ၅၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၃ ဦးနှင့် လာအိုနိုင်ငံသား အလုပ်သမား ၁ ဦး ပါဝင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ဆေးကု သမှု ခံယူနေရသူ ၉ ဦးနှင့် ပျောက်ဆုံးနေသူ ၉၆ ဦး ရှိကြောင်း WAG ရွှေ့ပြောင်း မြန်မာအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု ၅ ရက်ကျော် ကြာလာပြီဖြစ်သည့်အတွက် ပိတ်မိနေသူများမှာ အသက်ရှင် လျက် ပြန်တွေ့နိုင်ချေ ရာခိုင်နှုန်း နည်းပါးလာနေသော်လည်း မိသားစုဝင်များမှ မျှော်လင့်တကြီး ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ထိုင်းအာဏာပိုင် များက ပြောဆိုထားသည်။