အာဏာသိမ်းပြီးနောက် သေဆုံးသူ ၆၆၀၀ ကျော်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့အထိ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လက်ချက် ကြောင့် ပြည်သူစုစုပေါင်း ၆၆၈၀ ကျော် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က ပြောသည်။
AAPP ၏ မေလ ၁၆ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် “ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ် အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါး စေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၆၆၈၇) ဦး ရှိခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကောက်ယူထားသော သတင်းအချက် အလက်များ အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၀) ဦးနှင့် အမျိုးသား (၁၄) ဦး စုစုပေါင်း (၂၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် သက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်သည်ဟု AAPP က ဆို သည်။
သေဆုံးသူများအနက် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှာ ၆ ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်ဟု AAPP က ပြောသည်။
ထို့အပြင် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၁၅၂ ဦးရှိပြီး ထိုအထဲမှ ၂၂၁၂၂ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု AAPP က ဆိုသည်။ ထိန်းသိမ်းခံနေရသူများအနက် ၁၀၇၃၁ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။
ယခုအရေအတွက်သည် AAPP က လက်လှမ်းမှီသလောက် ကောက်ယူထားသည့် အရေအတွက်သာ ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်သည်ဟု AAPP က ဆိုသည်။