မြိတ်မြို့က ဇနီးမောင်နှံ အပါအဝင် ဆွေမျိုးတော်စပ်သူ အရပ်သား ၄ ဦးကို စစ်ကောင်စီ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။ 

မြိတ်မြို့က ဇနီးမောင်နှံ နှစ်ဦးအပါအဝင် အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အဆက် အသွယ် ပြတ်နေသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

မြိတ်မြို့၊ အလယ်ကျွန်းနယ်၊ မြေပန်စရာရပ်ကွက်၊ သင်္ကန်းတောလမ်းတွင် အရပ်သား ၄ ဦးကို  စစ်ကောင်စီ တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။

အသက် ၄၀ နှစ်ခန့်အရွယ် ရပ်ကွက်သားတစ်ဦးက ဒီကနေ့အထိ ဘယ်မှာဖမ်းထားတယ်၊ ဘာကိစ္စနဲ့ ဖမ်းတယ် ဆိုတာကို လုံးဝ အသိမပေးပါဘူး။ သူ့အမျိုးတွေက လိုက် စုံစမ်းနေတာလောက်ပဲ ရတယ်။ ဘာဆိုဘာမှ သဲလွန်စမရဘူး ဖြစ်နေတယ်။ စိတ်ပူနေကြရတာပေါ့ ဟု ပြောသည်။

၎င်းတို့ ၄ ဦးကို မေလ ၁၂ ရက်နေ့၊ ည ၁၀နာရီခွဲ အချိန်ခန့်က ဖမ်းဆီးသွားခြင်း ဖြစ်ပြီး မေလ ၁၆ ရက်နေ့အထိ အဆက်အသွယ် မရသေးသလို ပြန်လည် လွတ်မြောက်လာခြင်းမျိုးလည်း မရှိသေးဘူးဟု ဆိုကြသည်။

ဖမ်းဆီးခံရသူ ၄ ဦးထဲတွင် ဇနီးမောင်နှံ နှစ်ဦး အပါအဝင် မိန်းမဖြစ်သူ၏ ညီမတော်စပ်သူ တစ်ဦးနှင့် သမီး ဖြစ်သူတို့ပါဝင်သည်ဟု အိမ်နီးချင်းတစ်ဦးက အတည်ပြု ပြောဆိုသည်။

မြိတ်မြို့တွင် စစ်ကောင်စီဘက်မှ ယခုနောက်ပိုင်း ဖမ်းဆီးခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်နေပြီး အချို့ကို တော်လှန်ရေး တပ်ဖွဲ့များအား ထောက်ပို့မှုနှင့် ဖမ်းဆီးမှုများ ရှိနေသည့်အပြင် ဖမ်းဆီးခံရသူများထဲမှ အချို့၏ အိမ်များကို ချိပ်ပိတ်ခြင်းမျိုး အထိရှိနေသည်ဟု မြို့ခံများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းကလည်း မြိတ်မြို့၊ ကလွင်နယ်မြေ၊ ဗန္ဓုလလမ်းထဲရှိ နေအိမ်တစ် ဆောင်မှ ဇနီးမောင်နှံ ၂ ဦးနှင့် ယောက်ကျားဖြစ်သူ၏ ညီမ အပါအဝင် ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သေးသည်ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ၁၁ ရက်အကြာတွင် မိန်းမဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီး မောင်နှမ ၂ ဦးကိုမူအကြမ်းဖက် ထောက်ပံ့မှု ဥပဒေ ၅၀-ည နှင့် ၅၂-ဃ ပုဒ်မ နှစ်ခုဖြင့် မြိတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထား သည်။