ပုဂံ-ညောင်ဦး အရှေ့ဘက်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်။ 

မန္တလေးတိုင်း၊ ပုဂံ – ညောင်ဦး၏ အရှေ့တောင်ဘက်ရှိ ကျေးရွာများထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။ 

စစ်ကောင်စီ လက်အောက်ခံ အင်အား ၅၀ ကျော်ခန့်ပါသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

BLack Eagle အဖွဲ့မှ ရဲဘော်ရောင်နီက စစ်ကောင်စီတပ်ဖွဲ့က ၅ ယောက် သေတယ်။ ၄ ယောက် က ပြင်းထန် ဒဏ်ရာနဲ့ ညောင်ဦးဆေးရုံမှာ တင်ထားရတာကို အတည်ပြုနိုင်ခဲ့တယ် ဟု ပြောသည်။

ညောင်ဦးမြို့မှ ထွက်ခွာလာသည့် အင်အား ၅၀ ကျော်ခန့်ပါသော စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ သည် နပ္ပလင်၊ ကန်ကြီးကုန်း၊ ချောင်းရှည်နှင့် အနောက်အုံကျေးရွာများကို ဝင်ရောက်ခဲ့ပြီး ဂျိုးကန်ကျေးရွာကို အလာတွင် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များက မေလ ၂၀ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Black Eagle အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုဂံ-ညောင်ဦးမြို့နယ် အနောက်အုံကျေးရွာသို့ ဝင်ရောက်၍ ရွာသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်လာရာ ဂျိုးကန် ကျေးရွာအနီး ရောက်ရှိချိန်တွင် စောင့်ဆိုင်းနေသည့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း ဂျိုးကန်ကျေးရွာသားများက ပြောသည်။

မျက်မြင်တွေ့ရှိသူ ဂျိးကန်ရွာသား တစ်ဦးက တော်လှန်ရေးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်တာ အပြန်အလှန် ပစ်ခတ်သံတွေလည်း ကြားရတယ်။ သိပ်တော့ မကြာဘူး။ စစ်သားတွေက ဒဏ်ရာရတဲ့ သူတွေကို တင်ပြီး ဂန့်ဂါရွာဖက် ထွက်သွားတယ်ဟု ပြောသည်။

မေလ ၂၁ ရက်နေ့တွင် ယခင်နေ့က ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်မှာ ညောင်ဦးနှင့် ဂန့်ဂါကျေး ရွာမှ ပျူစောထီး ၄၀ ခန့်ဖြင့် ပူးပေါင်းကာ ကြအိုကျွန်း၊ ကြအို၊ မြေသန့်တောင် နှင့် ဇက ကျေးရွာများကိုဖြတ်ကာ စစ်ကြောင်းထိုးလာသည်ဟု ဒေသခံများက ပြောသည်။

ကြအိုကျွန်းနဲ့ ကြအိုရွာကြားမှာ ထိတွေ့မှု ဖြစ်သေးတယ်။ သိပ်တော့ မကြာလိုက်ဘူး။ သူတို့က ဒရုန်းနဲ့ ဗုံးလာ ကြဲတာ အပြီးမှာ ဒရုန်းကို ဝိုင်းပစ်ကြတာ။ ထိသွားတယ်။ ပျက်တော့ မကျဘူး။ လေယာဉ် ၂ စီးပါ ဝဲလာလို့ တပ်ဖျောက် ပြီးဆုတ်ပေးလိုက်ရတယ် ဟု ရဲဘော်ရောင်နီက ဆက်ပြောသည်။

ပုဂံ – ညောင်ဦးမြို့ အရှေ့တောင်ဘက်မှ ကျေးရွာများသို့ ချောက် – ညောင်ဦး ကားလမ်းအတိုင်း၊ ဂန့်ဂါကျေးရွာ ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကျောက်ပန်းတောင်း – ညောင်ဦး ကားလမ်းအတိုင်း ရွှေလှိုင်းကျေးရွာဘက်မှ စစ်ကြောင်း တစ်ကြောင်းနှင့် ပျဉ်းချောင်း – မုန်တိုင် – သံစပ်တောကျေးရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း စုစု ပေါင်း စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲကာ စစ်ကောင်စီတပ်ဖွဲ့များက စစ်ရေး လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံများ က ပြောသည်။

ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရှိလာခြင်းကြောင့် ၎င်းတို့၏ နေရာမှာ ကျဉ်းမြောင်းလာနေကြောင်း၊ ကိုယ်ထူ ကိုယ်ထ လုပ်ကိုင်နေကြရသောကြောင့် လိုအပ်မှု များစွာရှိနေ၍ ပြည်သူများ အနေဖြင့်လည်း တော်လှန်ရေး အဖွဲ့များကို အာရုံစိုက်ပေးကြရန် BLack Eagle အဖွဲ့မှ ရဲဘော်ရောင်နီက မေတ္တာရပ်ခံထားသည်။