မင်္ဂလာဆောင် ဗုံးကြဲမှု သတို့သမီးနှင့် အခြား အရပ်သား ၁၂ ဦး သေဆုံး ဟု KNU ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်။ 

ပဲခူးတိုင်းအရှေ့ခြမ်းဒေသအတွင်း မင်္ဂလာဆောင် လေကြောင်း ဗုံးကြဲခံရမှု၌ သတို့သမီး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန် သည်။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်တွင် သေဆုံးသူ အရပ်သား ၁၂ ဦးထဲ၌ ကလေး ၂ ဦးလည်း ပါဝင်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU (ဗဟို) က မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒေသခံ အမျိုးသား တစ်ဦးက တိုက်ပွဲလည်း မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘဲ လာကြဲသွားတာ လေယာဉ်နဲ့။ အဲ့မှာ စစချင်း သေစာရင်းက ၆ ယောက်နော်၊ နောက်ထပ် နှစ်ထပ်ယောက် ထပ်သေ တယ်။ အဲ့တော့ ပွဲချင်းပြီးက ၈ ယောက် ဖြစ်သွားတယ်။ မင်္ဂလာဆောင်ပွဲလုပ်တဲ့ နေရာမှာတင် သေတာကို ပြောတာပါ။ အဲ့မှာ သေတဲ့ထဲ ကလေးလည်း ပါတယ်။ နောက်ထပ် သေတဲ့ ၄ ယောက်က ဒဏ်ရာ ရတဲ့အထဲက ပြင်းထန်တဲ့ လူနာတွေ ထပ် သေသွားတာပါ။ မင်္ဂလာဆောင်နေရာမှာ သေတဲ့ထဲ သတို့သမီးလည်း ပါတယ်လေ ဟု ပြောသည်။

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီလေတပ်က မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် လေယာဉ် နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မင်္ဂလာပွဲ လာသူများ အပါအဝင် ၈ ဦး နေရာမှာတင် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေထဲ မှ ၄ ဦး ထပ်မံသေဆုံးခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် KNU ၏ ထုတ်ပြန်ချက်အရ ကလေးငယ် ၁၃ ဦး အပါအဝင် အရပ်သား ၃၇ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး အရပ်သား နေအိမ်အချို့နှင့် ကျွန်းကြီးကျေးရွာ အလယ်တန်းကျောင်းဝန်း နေရာများ ပျက်စီးခဲ့သည်ဟု သိရသည်။

ဒေသတွင်း တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ဘဲ စစ်ကောင်စီလေတပ်က အရပ်သားနေရာများကို  ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များနှင့် ဒေသခံများက ပြောသည်။

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ဒီနေရာက အရင်ကလည်း တိုက်ပွဲဖြစ်တာမျိုး မရှိဖူးဘူး။ တမင်လာ ကြဲတယ်လို့ ပြောလို့ရတယ်။ အရပ်သား မင်္ဂလာဆောင်ပါ။ သူတို့ တယ်ရီဂရမ်မှာ ဖြန့်နေသလိုမျိုး KNU ရဲ့ မင်္ဂလာဆောင်၊ PDF တွေရဲ့ မင်္ဂလာဆောင် ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခု လာကြဲခံရတဲ့နေရာမှာ တိုက်ပွဲ မဖြစ်တာ နှစ်နှစ်ကျော်နေပါပြီ။ စစ်တပ်လည်း မရှိဘူး ဟု ပြောသည်။

ကျွန်းကြီးကျေးရွာကို မေလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တစ်စင်း ဖြင့် မင်္ဂလာပွဲကျင်းပသည့် နေရာနှင့် အနီးဝန်းကျင်ကို ဗုံးနှသ်လုံး ကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ များ သေဆုံးခဲ့သည့်အပြင် နေအိမ် ၁၁ လုံး၊ ဈေးဆိုင် ၁ ဆိုင်၊ တဲ ၁ လုံးနှင့် စာသင်ကျောင်းခြံ ပါ ပျက်စီးခဲ့ရ သည်ဟု KNU က ဆိုသည်။

ယခု လေကြောင်းမှ တိုက်ခိုက်ခံရသည့် ကျောက်ကြီးမြို့နယ်ထဲက ကျွန်းကြီးကျေးရွာ နေရာသည် KNU တပ်မဟာ (၃) လှုပ်ရှားရာ နေရာဖြစ်ပြီး တိုက်ပွဲမရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဟု ဆိုသည်။

သို့သော် KNU တပ်မဟာ (၃) နယ်မြေထဲက ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင်မူ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်များက ထိုးစစ် ဆင်တိုက်ခိုက်လျှက်ရှိရာ မေလ ပထမပတ်မှ စတင်၍ ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်နေသည်။