ထားဝယ်ခရိုင်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်။ 

ထားဝယ်ခရိုင်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား အမျိုးသား တစ်ဦး သေဆုံး သွားခဲ့သည်။ 

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တိုထောင့်ကျေးရွာ အနီး၌ ‌မိုင်းကြိုးတိုက်မိပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

သစ်တို့ထောင့်ကျေးရွာ အနီးရှိ ရော်ဘာခြံမှ အခြားဥယျာဉ်ခြံတစ်ခုသို့ သွားသည့်အချိန် လမ်းတစ်နေရာ၌ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုင်းနင်းမိခြင်း ဖြစ်သည်။

မိုင်းထိမိပြီး သေဆုံးသွားသူမှာ သစ်တို့ထောင့်ရွာသား အသက် ၆၀ နှစ်အရွယ် ဦးလှကြည် ဆိုသူဖြစ်သည်။

အသက် ၄၀ ကျော်အရွယ် ရွာသားတစ်ဦးက မိုင်းက တိုက်မိုင်းလို့ ပြောရမှာပေါ့၊ ကြိုးကို တိုက်မိတဲ့အချိန်မှာ ထပေါက်ကွဲတာ၊ ခြေသလုံးတစ်ဖက် စုတ်ပြတ်သွားတယ်။ နောက်ထပ် ရင်ဘတ်မှာလဲ ထိတယ်၊ အဲဒီ ဒဏ်ရာ တွေနဲ့ပဲ ပွဲချင်းပြီး ဆုံးသွားတာ ဟု ပြောသည်။

မိုင်းနင်းမိသော နေရာအနီးတစ်ဝိုက်တွင် ဗထူးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ယခင်က နေထိုင်ခဲ့ဖူးကြောင်း ရွာသားများက ဆိုသည်။

မိုင်းပေါက်ကွဲခဲ့သည့် နေရာ အနီးတဝိုက်တွင် စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်ရန်အတွက် ထောင်ထား သည့် မိုင်းများရှိနေသည့် အကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သတိပေးထားခဲ့ကြောင်း ရွာသားများက ပြောသည်။

မိုင်းထိမိ၍ သေဆုံးသွားသူ ဦးကြည်လှ၏ ရုပ်အလောင်းကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာသင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်အတွင်း၌ မေလ တတိယပတ်မှ စတင်၍ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းမှာ ထားဝယ် အထူးစီးပွားရေးဇုန်ဘက်သို့ စစ်ကြောင်းထိုးနေသောကြောင့် ရွာသားများက စိုးရိမ်နေကြသည်။