ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီ စခန်း ၉ ခု တပြိုင်တည်း တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ၏ တပ်စခန်း (၉) ခုကို ဇွန်လ ၂၅ ရက်နေ့ (ယနေ့) တွင် တစ်ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန က ပြောသည်။
အဆိုပါ တပ်စခန်း ၉ ခုသည် ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်းတွင် တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် KNLA တပ်ဖွဲ့ များက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု NUG ကာကွယ်ရေး ဝန်ကြီး ဌာနက ဇွန်လ ၂၅ ရက်နေ့ ယနေ့တွင် ထုတ်ပြန်ပြောဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အပြင် ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေးပူးပေါင်း တပ်ဘက်က ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NUG က ပြောသည်။
ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄)၊ အာဠာဝကတပ်ရင်း၊ အမှတ် (၃၅၀၃) တပ်ရင်း၊ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။
Photo – NUG