ဒီးမော့ဆို စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုများကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည့် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်များ အတွက် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု အကူအညီပေးနေသည့် အဖွဲ့များကပြောသည်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့နားကို စစ်ကောင်စီ စစ်ကြောင်းများ ရောက်လာပြီးနောက် ထောင်နှင့်ချီသော ဒေသခံပြည်သူများ ဒီးမော့ဆို အနောက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေရခြင်း ဖြစ်သည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲ ဦးစီးမှူး ကျားခင်စိန် က “မိုးကာတွေလိုတယ်။ အခုရက်တိုင်း မိုးရွာတော့ မိုးထဲလေထဲ ရွေ့ပေးပြီးပေမယ့် တဲဆောက်ဖို့က အမိုးအကာ မရှိဘူးဖြစ်နေတယ်။ သူတို့ရှိတဲ့ဟာတွေကလဲ စပါးစိုမှာ စိုးတာနဲ့ ဆန်စိုမှာစိုးတာနဲ့ အရင်အုပ်ရတော့ လူနေဖို့ တဲက မရတော့ဘူး အဲ့အတွက် မိုကားများစွာလိုအပ်နေတာပေါ့နော်” ဟု ပြောသည်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် မိုးဗြဲ – လွိုင်ကော်လမ်းမှ နန်းမယ်ခုံမြို့နားထိ စစ်ကြောင်း ထိုးလာသည်ဟု အကူအညီပေးနေသူများက ပြောသည်။
မိုးဗြဲမှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် လွိုင်ကော်မြို့နယ်ထဲက ဘုရားဖြူ၊ ဘုရားနီနှင့် ဒီးမော့ဆို မြို့နယ်ထဲ့ နန်းမယ်ခုံမြို့အတွင်းရှိ ကျေးရွာများ ပြည်သူများ ဘေးလွတ်နိုင်မည့် နေရာများသို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်။
ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဦးဇော်မင်းထိုက်က “အခုက ကရင်နီစစ်ဘေးရှောင်တွေသာ မဟုတ်ဘဲနဲ့ ရှမ်း ပြည်နယ်ထဲမှာပါတဲ့ စစ်ဘေးရှောင်တွေကလည်း ကရင်နီပြည်နယ် အတွင်းမှာ စစ်ရှောင်လာတာတွေ ရှိတယ် ပေါ့နော်။လက်ရှိမှာ ကရင်နီပြည်က စစ်ရှောင်ပြည်သူက သိန်းနဲ့ချီပြီးရှိတယ်။ နောက်ကူညီတဲ့ အဖွဲ့အစည်းက နည်းတယ်ဆိုတော့နော် လိုအပ်တဲ့ လူဦးရေက သိန်းနဲ့ချီရှိတော့ အခက်ခဲအမျိုးအမျိုး ကြုံရပါတယ်“ ဟု ပြော သည်။
ထို့အတူ အရေးပေါ် စစ်ဘေးရှောင်လာကြသူများ အတွက် အခြေခံ စားနပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ်နေ သည့်အပြင် စိတ်ပိုင်း ဆိုင်ရာ မြှင့်တင်ပေးရေး ကိစ္စရပ်များ လုပ်ပေးရန်လည်း လိုအပ်နေသည်ဟု ကျားခင်စိန်က ဆက်ပြောသည်။
“စစ်ဘေးရှောင်တွေ အနေနဲ့ တော်လှန်ရေး နယ်ပယ်ကို စစ်ရှောင်လာတယ် ဆိုကတည်းက ကိုယ်တွေကို ယုံ ကြည်လို့ အားကိုးလို့ ဖြစ်တဲ့အတွက် အပြည့်အဝ မဟုတ်ရင်တောင် ယာယီ အဆင်ပြေအောင် နေထိုင်ဖို့ အထိုင် အခင်း အစားအသောက် ကျန်းမာရေးကအစ ဖြည့်ပေးဖို့လိုအပ်တယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာတွေနဲ့ ပတ် သတ်ပြီးလည်း မြင့်တင်ပေးဖို့လိုအပ်တယ်။ ဘာလို့ဆို စစ်ရှောင်တွေ အမြဲလိုလို ဟိုရွှေ့ဒီရွှေ့နေရတော့ စစ်ရှောင် တွေ မပြောနဲ့ အစ်မတောင် စိတ်ဓာတ်ကျချင်လောက်အောင် ဖြစ်တယ်။ စစ်ရှောင် ကယ်ထုတ်ချိန် အခတ်အခဲ တွေနဲ့ ကြုံရင် တွေ့နေမြင်နေရတော့ စိတ်လည်း မပျော်သလို စိတ်လည်းမကောင်းဘူး။”
ယခုကဲ့သို့ စစ်ဘေးရှောင်များ ထပ်မံတိုးလာသည့်အတွက် မြေပြင်တွင် အကူအညီပေးနေသူများ အနေဖြင့် စစ်ရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် အချိန်နှင့် တပြေးညီ ကူညီပေးရန် ခက်ခဲလျှက်ရှိပြီး နေရာ အများအပြားကို လက်လှမ်းမှီနိုင်ရေး ပိုမိုခက်ခဲလာသည်ဟု ဆိုကြသည်။
ဦးဇော်မင်းထိုက်က “စစ်ကြောင်းထိုးလာတဲ့ အတွက် စစ်ဘေးရှောင် လူဦးရေကတော့ အများကြီး ထပ်တိုး လာ တာတွေ ရှိတယ်ပေါ့နော်။ စစ်ဘေးရှောင် ကူညီသူတွေ အနေနဲ့ကတော့ လက်လှမ်းမီနိုင်ဖို့ ဆိုရင် အများကြီး ကြိုစားရအုံးမယ်။ ဘာ့ကြောင့်လဲဆိုတော့ ဥပမာ စစ်ဘေးရှောင်က ၂သိန်းကျော်ဆို တကယ်ကူညီတဲ့ အဖွဲ့က ကျနော်တို့မှာ အဖွဲ့ ၁၀၀ တောင် မရှိဘူးလေး။ အဲ့တော့ ကူညီနိုင်မယ့် လူဦးရေထက် လိုအပ်နေတဲ့သူက သိန်းချီ ရှိတာဆိုတော့ အများကြီး ကြိုးစားရပါအုံးမယ် လက်လှမ်းတော့ မမှီနိုင်သေးဘူးပေါ့” ဟု ပြောသည်။
ဇူလိုင်လ ၂၅ ရက်ကတည်းက အရေးပေါ်ရွှေ့ပြောင်း ခဲ့ကြရသည့် အဆိုပါ စစ်ရှောင်ပြည်သူများမှာ လက်ရှိတွင် လုံခြုံရသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စစ်ကောင်စီတပ် စစ်ကြောင်းမှာလည်း ဆက်ထိုးလာနေ သောကြောင့် ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ကြသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ လမ်းတလျှောက်တွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သား ပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့်အတွက်လည်း နိုင်ငံ တကာ အနေဖြင့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူပေးပါရန် (IEC) အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲ ဦးစီးမှူးက တောင်းဆိုထားသည်။