ဖားကန့်တွင် လက်နက်ကြီးကျ၊ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့၊ မှော်စီစာကျေးရွာအုပ်စုထဲက ဖြူစင်ကုန်း ခေါ် မနောကုန်းနေရာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မည်သည့် အဖွဲ့အစည်းက ပစ်ခတ်လိုက်မှန်းမသိသော လက်နက် ကြီး တစ်လုံးမှာ ဖြူစင်ကုန်းက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက “ဘယ်က ပစ်တယ်ဆိုတာမျိုးတော့ ကျနော်တို့က မသိဘူးပေါ့နော်။ မအေ ဖြစ်တဲ့သူက ဆေးရုံကိုပို့တာ လမ်းမှာတင်သေသွားတယ်။ သမီးကတော့ လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ပြောတယ်။ မိသားစုဝင်တွေပါ့။ နောက်ထပ်အမျိုးသား တစ်ယောက်လည်း ဒဏ်ရာရတယ်။ တည့်တည့် ထိသွား တဲ့ အိမ်ကတော့ လုံးဝပျက်စီးသွားတယ်။ ဘေးကအိမ်တွေလည်း ပျက်ကုန်တာပါ့” ဟု ပြောသည်။
မိခင်ဖြစ်သူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့နေချိန် လမ်း၌ပင် သေဆုံးသွားပြီး သမီးဖြစ်သူမှာ လက်တစ်ဖက် ဖြတ် လိုက်ရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
အဆိုပါ နေအိမ်အနီးတွင် ရောက်နေသည့် အမျိုးသား နှစ်ဦးလည်း လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့သေးသည်။
နီးစပ်သူတစ်ဦးက “လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ဖြူစင်ကုန်းမှာ ဖြစ်သွားတာ။ ၃၀ ရက်နေ့ ည ၈ နာရီ ၅၀ ပေါ့။ ဖြူစင်ကုန်းရော မနောကုန်းက အတူတူပဲ အခေါ်အဝေါ်လေးကွဲသွားတာပါ။ ဒဏ်ရာရတဲ့ ထဲက မထိုက်ထိုက်ဝင်းက သေသွားတယ်။ သူ့သမီးလေးက လက်ဖြတ်လိုက်ရတယ်။ သမီးလေးက ၁၅ နှစ်ပဲ ရှိသေး တယ်ဗျ” ဟု ပြောသည်။
အလားတူ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး မေလနောက်ဆုံးပတ်မှ စတင်၍ ပြန်လည် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ထိုသို့ ထိုးစစ်ဆင်လာပြီးနောက် စစ်ကြောင်းမှာ ခွဲကာ အသုတ်လိုက် ဖားကန့်မြို့ထဲကို ဝင်လာခဲ့သည်။
ထို့နောက် ဖားကန့်မြို့တွင်း၌ တိုက်ပွဲသံများ၊ လက်နက်ကြီး ပစ်ခတ်သံများ၊ ဒရုန်းဖြင့် ပစ်ခတ်မှုနှင့် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
အလားတူ မြန်မာနိုင်ငံ အလယ်ပိုင်းမှ လာသည့် အသား၊ ငါးနှင့် ကုန်စည်များကို အဓိက အားထားရသော ဖားကန့်မြို့ကို ကုန်စည်အဝင်ကိုပါ ပိတ်ထားလိုက်သောကြောင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေကြရ သည်။
ဇူလိုင်လကုန်ရက် အထိ ကားမိုင်း – နန့်ယားလမ်းနှင့် အင်းတောင်းကြီး – ဝှေခါလမ်း နှစ်ခုစလုံးကို စစ်ကောင်စီ ဘက်က ဖြတ်သန်းခွင့်ပိတ်ထားဆဲ ဖြစ်သည်။