ပုလောက စစ်ကော်မရှင် စခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့ သိမ်းယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

ပုလောမြို့နယ်ထဲက ထမင်းမစားကျေးရွာတွင် ရှိနေသည့် စစ်ကော်မရှင်တပ်၏ စစ်ခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်သည်။

KNLA နှင့် ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်သည့် စစ်တပ်စခန်းမှာ တနင်္သာရီတိုင်း မြိတ် – ထားဝယ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် ရှိနေသည်ဟု စုပေါင်းထိုင်ထားသည့် စခန်းဖြစ်သည်။

အဆိုပါ စစ်ကော်မရှင်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ စက်တင်ဘာလ ၈ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်သည်။

ထမင်းမစားကျေးရွာတွင် အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ် ၃၀၉ အမြောက်တပ်ရင်းနှင့် အမှတ် ၁၂ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းတို့က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားခြင်း ဖြစ်သည်။

အဆိုပါ စစ်တပ်စခန်းကို KNLA၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၂)၊ တပ်ခွဲ (၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့‌တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထမင်းမစားကျေးရွာ စခန်းသိမ်း တိုက်ပွဲတွင် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အချို့ရှိခဲ့သည့် အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းယူရရှိခဲ့သည်ဟု KNU က ဆိုသည်။

မြိတ် – ပုလော – ထားဝယ် လမ်းပိုင်းတစ်လျှောက်တွင် စစ်ကော်မရှင်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။