တရားမဝင် ရွှေ့ပြောင်းသူများအား အမေရိကန် လဝက ဖမ်းဆီးခွင့် ရသွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် ရွှေ့ပြောင်းသူများအား ဖမ်းဆီးသည့် ကိစ္စအား တားဆီးထားသည့် အမိန့်ကို တရားရုံးချုပ်က ရုတ်သိမ်းလိုက်သည်။
ထို့ကြောင့် အမေရိကန် အစိုးရ အနေဖြင့် လော့စ်အိန်ဂျလိစ်မြို့တွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား တားမြစ်ရှာဖွေ ဖမ်းဆီးခွင့် ရသွားပြီဖြစ်သည်။
တနည်းဆိုရလျှင် သမ္မတ ဒေါ်နယ် ထရန့်အနေဖြင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများကို စံချိန်တင် ပြန်ပို့မှုများ လုပ်ဆောင်မည် ဆိုသော ကတိကို အကောင်အထည် ဖော်ခွင့်ရသွားခြင်းလည်း ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကြောင့် အသားအရောင်၊ ဘာသာစကား သို့မဟုတ် အလုပ်အကိုင် အပေါ်အခြေခံပြီး သံသယထား ဖမ်းဆီးစစ်ဆေးမှုများကို လုပ်ဆောင်ခွင့်ရသွားမည် ဖြစ်သည်။
ကန့်သတ်ချက် ရုတ်သိမ်းသည့် တရားရုံး ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်က ကြိုဆိုလိုက်သည်။
မကြာသေးမီက တောင်ကိုရီးယားပိုင် ဟွန်ဒိုင်း စက်ရုံကို ဥပဒေ စိုးမိုးရေး အရာရှိများက ဝင်ရောက် စစ်ဆေးခဲ့ရာ တရားမဝင် နေထိုင်နေသည့် တောင်ကိုရီးယား နိုင်ငံသား အယောက် ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။