မြဝတီတောင်ပိုင်း မင်းလက်ပံအနီး တိုက်ပွဲပြင်းထန်၊ အရပ်သားသားအမိနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ မင်းလက်ပံရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ အရှိန်မြင့်နေပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် အရပ်သား သားအမိနှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကော်မရှင်တပ်သည် လေးကေကော်မြို့သစ်မှ စွယ်တော်ကုန်းကို ထိန်းချုပ်ပြီးသည့်နောက် မြဝတီကနေ ဝေါလေမြိုင်တစ်လျှောက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
လက်ရှိ တိုက်ပွဲများသည် အင်ကြီးမြိုင်နှင့် မင်းလက်ပံရွာကြားတွင် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က လက်နက်ကြီးနှင့် ကာမီကာဇေဒရုန်းများ ကိုပါ အသုံးပြု၍ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ် များက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ တိုက်ပွဲအတွင်း မင်းလက်ပံရွာထဲရှိ ပုန်းခိုကျင်းထဲတွင် ရှိနေသည့် အရပ်သား သားအမိနှစ်ဦးသည် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကျည် ကျင်းထဲသို့ တည့်တည့်ကျရောက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများက အတည်ပြုခဲ့သည်။
မြို့တောင်ပိုင်း တိုက်ပွဲများကြောင့် မြဝတီမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၇ ခုတွင် စစ်ရှောင်ဦးရေမှာ အနည်းဆုံး ၃,၅၀၀ ကျော် အထိ ရှိလာနေပြီး စစ်ဘေးရှောင် ဒေသခံများ နေ့စဉ် တိုးလာနေသည်။
နယ်စပ်တိုက်ပွဲများ၏ အခြေအနေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း နယ်စပ်လုံခြုံရေး တိုးမြှင့်ကာ အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ လက်နက်ကြီးနှင့် ဒရုန်းများ၏ အန္တရာယ်မှာ စစ်ဘေးရှောင်နေသည့် အရပ်သားပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေတစ်ခုအဖြစ် ဆက်ရှိနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။