ဖားကန့် KIA တပ်ရင်းကို စစ်တပ်က နှစ်ရက်ဆက်တိုက် ဗုံး ၄၀ ကျော်ဖြင့် တိုက်ခိုက်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ရေးအခြေအနေများ ပြန်လည်တင်းမာလာနေပြီး၊ ဖားကန့်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉၊ တပ်ရင်း ၆ နေရာကို စစ်ကော်မရှင်တပ်က နှစ်ရက် ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြစ်ကြီးနားမြို့မှ တက်လာသည့် Y-12 လေယာဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အောက် တိုဘာ ၂၁ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်နှင့် ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင်တို့တွင် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။ 

စစ်ရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုံးတွင် ဗုံးသီး အလုံး ၃၀ မှ ၄၀ ကျော် ထက်မနည်း အသုံးပြုခဲ့သည်ဟု သိရသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် တပ်ရင်း ၆ နေရာတွင် အပျက်အစီးများ ရှိခဲ့သော်လည်း လူထိခိုက်မှုမရှိ ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုခဲ့သည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြု တိုက်ခိုက်နေမှုကို ဒေသခံလည်းဖြစ်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့သည်။

တပ်ရင်း ၆ ကို စကမဘက်က ဗုံးကြဲတာ နှစ်ကြိမ်ရှိပါပြီ။ အခြေအနေကတော့ ပျက်ဆီးမှုတွေရှိပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်ရေးသဘောအရ မြေပြင်မှာ သူတို့ စိတ်တိုင်းကျ လှုပ်ရှားလို့ မလွယ်တော့တဲ့ အခြေအနေမှာ လေကြောင်းကနေ တိုက်ခိုက်တာလို့ ထင်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုများ မတိုင်မီ အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေ ၇ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်ဝိုင်းအတွင်း သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး ကျောက်ဝိုင်းရှိ ပြည်သူ များ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။

Crown အမျိုးအစားကားတစ်စီးဖြင့် လက်နက်ကိုင်လူတစ်စုက ကျောက်ဝိုင်းအတွင်း ရောက်ရှိလာပြီး ကားပေါ်မှ သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်ခတ်ကာ လူစုခွဲခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ဖားကန့်မြို့၏ လက်ရှိလူမှုဘဝ အခြေအနေကိုလည်း ဒေသခံပြည်သူတစ်ဦးက ယခုကဲ့သို့ ရှင်းပြခဲ့သည်-

လက်တလော ဖားကန့်အခြေအနေ ပြောရမယ်ဆိုရင် ပြည်သူတွေက စုဆောင်းရေး ဆွဲနေတာရော အလုပ်အကိုင်တွေ မလုပ်ရဲအောင် ဖြစ်နေကြတယ်။ အိမ်ထဲက မထွက်ရဲပေါ့။ မနေ့ကဘဲ ညခင်းပိုင်းလေး ကျောက်ဝိုင်းပေါ့၊ ကျောက်ဝိုင်းဆိုတာကတော့ ဖားကန့်မြို့ရဲ့ ဒေသအလိုက် ဝမ်းရေးဖြေရှင်းတဲ့ အလုပ်လို့ ပြောရမှာပေါ့။ ကျောက်ဝိုင်းထဲမှာလည်း သေနတ်ပစ်ဖောက်ပြီး လူစုခွဲခံရတယ်။ ဒါတွေက ပြည်သူလူထုကို တမင်တကာ ဒုက္ခရောက်အောင် လုပ်နေတယ်ဆိုတာ သိသာတာပေါ့။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့က ဆိုင်းတောင်၊ မရှီကထောင် တစ်ဝိုက် နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်ပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း၊ စစ်ကော်မရှင်တပ်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ ဆက်လက်ရှိနေသဖြင့် နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ထားရသည့် မြို့ရွာများကို လာမည့် ရွေးကောက်ပွဲ မတိုင်မီ ထိန်းချုပ် နိုင်ရေး အရှိန်မြင့် ကြိုးပမ်းနေပြီး၊ ကချင်ပြည်တွင် ဖားကန့်မြို့အပါအဝင် ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ တွင်ပါ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။