ကန့်ဘလူနဲ့ ခင်ဦးကြား စစ်ကော်မရှင်တပ် စစ်ကြောင်းလိုက် ပြုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် ခင်ဦးမြို့နယ်ကြားတွင် စစ်ကော်မရှင်၏ အဓိက ထိုးစစ်ဆင်နေသော တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းတစ်ခုလုံး နိုဝင်ဘာလ ၁၂ ရက်နေ့၌ အပြီးအပိုင် ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးသတင်းရင်းမြစ်များက အတည်ပြု ထုတ်ပြန်လိုက်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကြောင်းမှူးဖြစ်သူ တပ်မ ၃၃ ဗျူဟာမှူး၏ အလောင်းပါ ရရှိခဲ့ပြီး၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၇ ဦးအထိ အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာနှင့် ခင်ဦးမြို့နယ်၊ ရှားတောကျေးရွာကြား၌ ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရေဦးမြို့နယ် ပကဖ ‘ဓူဝံအဖွဲ့’၊ ရွှေဘိုခရိုင် (ခင်ဦး) အမှတ် (၃) တပ်ရင်း အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ စစ်ကောင်စီ၏ နှစ်ဖက်ညှပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းကို တိုက်ခိုက်ရာတွင် ကန့်ဘလူနယ်မှ နာမည်ကြီး ဘုန်းကြီး ဝါသဝ၏ ပျူစောထီးအဖွဲ့ဝင် အများ အပြား ပါဝင်ခဲ့ကြောင်းလည်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတစ်ဦးက “ဒီတိုက်ပွဲကတော့ စစ်ကိုင်းတိုင်းရဲ့ စစ်မျက်နှာမှာ အောင်ပွဲတစ်ခု ပါ။ တပ်မ ၃၃ လို အဓိကတပ်ရင်းရဲ့ စစ်ကြောင်းတစ်ခုလုံး အပျောက်နော်။ မြေပြင်မှာ စစ်ကြောင်းထိုးတိုင်း ပြုတ်ကုန်တာဟာ ကျနော်တို့အတွက် အားရကျေနပ်စရာပါပဲ” ဟု ပြောသည်။
ကန့်ဘလူမြို့နယ် ပကဖက ဖမ်းမိထားသည့် စစ်သုံ့ပန်းများ၏ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရုပ်သံတွင် စစ်သုံ့ပန်းများမှာ ရွှံ့များပေနေပြီး မြေပြင်ပေါ် လဲကျနေသည့် ပုံစံဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ၏ ရှေ့တွင် စစ်ဆေးမေးမြန်းခံနေရသည်ကို တွေ့ရသည်။
ကနဦး ထုတ်ပြန်ချက်တွင် စစ်သုံ့ပန်း ၁၄ ဦး ဟု ဖော်ပြထားသော်လည်း နောက်ပိုင်း သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ ၂၇ ဦးအထိ အရှင်ဖမ်းမိထားပြီး လက်နက် ၂၇ လက် သိမ်းဆည်းရမိခဲ့သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောသည်။
ကန့်ဘလူခရိုင် PDF တာဝန်ရှိသူတစ်ဦးက “တကယ်တော့ သူတို့ (စစ်ကောင်စီ) ရဲ့ အားက မြေပြင် ထက် လေကြောင်းကိုပဲ အားထားနေရတာကို ဒီတိုက်ပွဲက သက်သေပြလိုက်တာပါပဲ” ဟု ပြောသည်။
စစ်ကော်မရှင် စစ်ကြောင်းမှာ အပြင်းအထန် အထိနာပြီး သေဆုံးဒဏ်ရာရသူ၊ အဖမ်းခံရသူ များပြားခဲ့ခြင်း ကြောင့် စစ်တပ်က ၎င်းတို့၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ Gyrocopter သုံးစီးဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် ခင်ဦးနယ် အနောက်မြောက်ခြမ်းရှိ ငါးရုံကြီး၊ ရှားတော၊ ကျောက်တိုင်၊ ကျီစု စသည့် ကျေးရွာများမှ ပြည်သူ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြား ရေးအဖွဲ့က ဆိုသည်။
စစ်ကော်မရှင်တပ်သည် စစ်ကိုင်းတိုင်းရှိ ဗျူဟာလမ်းကြောင်းများကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း တော်လှန်ရေး အင်အားစုများ၏ ခုခံမှုကြောင့် အထိနာနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ခင်ဦး – ရွှေဘို လမ်းပိုင်းတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီး အဆင့်များ အပါအဝင် စစ်သည်များစွာ သေဆုံးခဲ့ဖူးသည်။