မြောက်ဦးဆေးရုံး ဗုံးကြဲခံရပြီးနောက် ရခိုင်ဒေသ ကျန်းမာရေး စောင့်ရှောက်မှုအတွက် AA က နိုင်ငံတကာ အကူအညီတောင်းခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။
စစ်ကော်မရှင်၏ မြောက်ဦးပြည်သူ့ဆေးရုံအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသ တစ်ခုလုံး ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ ပြိုလဲလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရပြီး အာရက္ခတပ်တော် (AA) က နိုင်ငံတကာအသိုင်းအဝိုင်းထံ အရေးပေါ် ဆေးဝါးအကူအညီများ တောင်းခံလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) ညပိုင်းတွင် စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် မြောက်ဦးဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်ကြောင့် လသားအရွယ် ကလေးငယ်များ အပါအဝင် အရပ်သားလူနာများနှင့် ဆေးရုံဝန်ထမ်း စုစုပေါင်း ၃၃ ဦး သေဆုံးကာ ၇၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်တွင် အဆိုပါဆေးရုံသည် အရပ်သားပြည်သူများကိုသာ ကုသပေးနေ သည့် အရပ်ဘက်ဆေးရုံစစ်စစ် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗုံးကြဲမှုကြောင့် ဆေးရုံအဆောက်အအုံများ ပျက်စီးကာ လုပ်ငန်းများ လုံးဝရပ်တန့်သွားခဲ့ရသလို ဒေသတွင်းရှိ အခြားသော ဆေးရုံများမှာလည်း လေကြောင်းအန္တရာယ်ကြောင့် အတည်တကျမရှိဘဲ ခက်ခဲစွာ ရွှေ့ပြောင်း ကုသနေရသည့် အခြေအနေ ဖြစ်နေသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ အာရက္ခတပ်တော် (AA) က “ဆက်လက်၍ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်နစ်နာခဲ့ရသူများ၏ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ပူးပေါင်းကူညီပေးရန်နှင့် အရေးပေါ်လိုအပ်နေသော ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန်ကိုလည်း အကူအညီတောင်းခံအပ်ပါသည်” ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
မြေပြင်အခြေအနေအရ ရခိုင်ပြည်နယ်အတွင်း စစ်ကော်မရှင်က လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း မှုများကို ဖြတ်တောက်ထားခြင်းကြောင့် ဆေးဝါးပြတ်လပ်မှု ဒဏ်ကိုလည်း ပြင်းထန်စွာ ခံစားနေရသည်။
ဒေသခံတစ်ဦးက “ဆေးရုံကလည်း ဗုံးကြဲခံရတော့ ဘယ်သွားရမှန်းမသိတော့ဘူး။ ဆေးဝါးကလည်း ပြတ်နေ တော့ အရေးပေါ်လူနာတွေဟာ ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ တိုးပွား လာနေသလို၊ စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက် နေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများမှာ ယခင်ကထက် ပိုမိုလိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးဆေးရုံ ဗုံးကြဲခံရပြီး နောက်ရက်၌ပင် ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာအတွင်းသို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းနှင့် ၁၃ ရက်နေ့ အစောပိုင်းတို့တွင်လည်း ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများသို့ Cluster ဗုံး (ခcluster bomb) များ၊ ရော့ကတ်များနှင့် ဂျက်ဖိုက်တာများ အသုံးပြုကာ အရှိန်အဟုန်ပြင်းစွာ ဆက်လက်တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ နေ့ညမပြတ် ဗုံးကြဲနေသည့် လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ထပ်မံကျူးလွန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တစ်ခွင်၌ လေကြောင်းရန်အန္တရာယ် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိထားကြရန်နှင့် နိုင်ငံတကာအနေဖြင့်လည်း အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ထိရောက်စွာ အရေးယူပေးရန် အရေးပေါ်လိုအပ်လျက်ရှိသည်ဟု AA က ထုတ်ပြန် ထားသည်။
ဓါတ်ပုံ – Wai Hun Aung/AA