ရွေးကောက်ပွဲနေ့တွင် မကျင်းပနိုင်သည့် မြို့နယ် ၉ ခု ထပ်တိုး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ရွေးကောက်ပွဲ ကျင်းပသည့် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၉ ခုကို ထပ်မံ ဖြည့်စွက်ခဲ့သည်။
စစ်ကော်မရှင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၆၅ ခုအထိ ရှိလာပြီး စံချိန်တင်နယ်မြေများ ဆုံးရှုံးနေ သည်။
စစ်ကော်မရှင်က အတင်းအကျပ် ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ယနေ့တွင် စတင်လိုက်သော် လည်း ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုအထိ မကျင်းပနိုင်သည့် မြို့နယ်စာရင်းကို ထပ်မံတိုးမြှင့် ကြေညာခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၆၅ ခုအထိ ရှိလာပြီး ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် မကျင်းပနိုင်သည့် နယ်မြေအရေအတွက် အများဆုံးအဖြစ် စံချိန်တင်သွားခဲ့သည်။
စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သည် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလိုတွင် ချင်းပြည်မှ ၃ မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ၂ မြို့နယ်နှင့် ရခိုင်ပြည်မှ ၄ မြို့နယ်၊ စုစုပေါင်း မြို့နယ် ၉ ခုကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်စာရင်းထဲသို့ ထပ်မံဖြည့်စွက်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာထားသည့် မြို့နယ် ၅၆ မြို့နယ်ရှိရာမှ ယခုထပ်တိုးစာရင်းအရ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၆၅ ခုတွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်း မရှိတော့ကြောင်း စစ်ကော်မရှင်က တရားဝင်ဝန်ခံလိုက်ရခြင်းလည်း ဖြစ်သည်။
အဆိုပါ ထပ်တိုးမြို့နယ်များမှာ ချင်းပြည်ရှိ တွန်းဇံ၊ ဖလမ်းနှင့် ထန်တလန်၊ စစ်ကိုင်းတိုင်းရှိ ကောလင်းနှင့် ဗန်းမောက်၊ ရခိုင်ပြည်ရှိ အမ်း၊ သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်တို့ ဖြစ်သည်။ မြို့နယ်အဆင့်သာမက ရပ်ကွက် နှင့် ကျေးရွာအုပ်စုအဆင့်တွင်လည်း မကျင်းပနိုင်သည့် နေရာများစွာ ရှိနေသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ အပိုင်း (၃) တွင် မကျင်းပနိုင်သည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၁,၀၆၄ ခု ရှိနေပြီး ယခင်အပိုင်း (၁) နှင့် (၂) တို့ရှိ မကျင်းပနိုင်သည့် နေရာ ၂,၉၃၁ ခုနှင့် ပေါင်းစပ်လိုက်ပါက တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄,၀၀၀ နီးပါးအထိ ရှိလာသည်။
ယခုကဲ့သို့ စစ်ကော်မရှင်က မကျင်းပနိုင်သည့် နယ်မြေစာရင်းကို နောက်ဆုံးအချိန်အထိ ထုတ်ပြန်နေရခြင်းမှာ မြေပြင်တွင် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးမှုနှင့် တိုက်ပွဲများကြောင့်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
စစ်ကိုင်းတိုင်းမှ ဒေသခံတစ်ဦးက “သူတို့ ဘယ်လိုပဲ အတင်းလုပ်ချင်လုပ်၊ ကျနော်တို့ဆီမှာတော့ ဘယ်သူမှ မဲမပေးသလို သူတို့လည်း ရုံးမဖွင့်နိုင်ဘူး။ မဲစာရင်းကပ်တဲ့ရက်ကတည်းက မြို့ထဲမှာ ပေါက်ကွဲသံတွေ ကြားနေရတာ။ မနေ့ညကဆိုရင်လည်း ဗန်းမောက်ဘက်မှာ အသံတွေ ကြားနေရတယ်။ ဒီရွေးကောက်ပွဲက စာရွက်ပေါ်မှာပဲ ရှိတာပါ” ဟု မြေပြင်အခြေအနေကို ပြောပြသည်။
ထို့အပြင် ရွေးကောက်ပွဲကျင်းပသည့် မြို့ကြီးများတွင်လည်း မဲရုံများအနီး ပေါက်ကွဲမှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
ဧရာဝတီတိုင်းမှ ဝန်ထမ်းမိသားစုဝင်တစ်ဦးက “မနက်ပိုင်းကစပြီး မဲရုံတွေ ဖွင့်တယ်ဆိုပေမယ့် လမ်းပေါ်မှာ လူသူသိပ်မရှိဘူး။ စစ်တပ်နဲ့ ပျူစောထီးတွေတော့ ရှိတယ်။ မဲမပေးရင် အိမ်တွေကို ချိပ်ပိတ်မယ်၊ တော်လှန် ရေး အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့ သတ်မှတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားလို့သာ လူတချို့ ထွက်လာကြတာ” ဟု ပြောသည်။
စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန်နှင့် နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးပမ်းခြင်းဖြစ်သော်လည်း၊ မြေပြင်တွင် နယ်မြေ အများအပြား ဆုံးရှုံးနေခြင်းနှင့် ပြည်သူလူထု၏ သပိတ်မှောက် ဆန့်ကျင်မှုများကြောင့် ရွေးကောက်ပွဲမှာ တရားဝင်မှု ကင်းမဲ့နေကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်နေကြသည်။