စစ်ကော်မရှင် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေး အပါအဝင် ရွာသားသုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကော်မရှင်တပ်က လက်နက်ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျေးရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မုတ်ဆိတ်ကွင်းရွာသားတစ်ဦးက ကလေးတစ်ယောက်က ခြေမှာဒဏ်ရာရတယ်၊ လူကြီးတစ်ယောက်မှာက ဒဏ်ရာရများတယ်၊ နောက်ထပ် လူကြီးတစ်ယောက်မှာကတော့ ဒဏ်ရာနည်းတယ် ဟု ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် တနင်္သာရီအခြေစိုက် စစ်ကော်မရှင်၏ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်၊ စစ်ကော်မရှင်တပ်က ကျေးရွာများအတွင်း သို့ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် မုတ်ဆိတ်ကွင်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သလို၊ ကျန်အမျိုးသားနှစ်ဦးမှာ လည်း ခြေနှင့်လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

၎င်းလက်နက်ကြီးကျည်များသည် မုတ်ဆိတ်ကွင်းရွာအပြင် အနီးနားရှိ အခြားကျေးရွာနှစ်ရွာအတွင်းသို့လည်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်များသည် တိုက်ပွဲဖြစ်ပွားသည့် အခါတိုင်း အရပ်သားများနေထိုင် ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် တုံ့ပြန်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း မုတ်ဆိတ်ကွင်းရွာအပါအဝင် ကျေးရွာလေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေပြီး စစ်ကော်မရှင်တပ်၏ လက်နက်ကြီး အန္တရာယ်ကြောင့် ဒေသခံရွာသားများမှာ လုပ်ငန်းခွင်သို့ မသွားရဲဘဲ စိုးရိမ်ထိတ်လန့်နေကြရသည်။ 

နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများအရ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှု မြောက်သော်လည်း စစ်ကော်မရှင်တပ်ကမူ ယခုကဲ့သို့ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ ကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။