ဖမ်းဆီးခံရသော အထောက်အထားမဲ့ မြန်မာလုပ်သားများ ထိုင်းရဲ မွေးနေ့ကို နှုတ်ဆက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားများက သူတို့အား ဖမ်းဆီးသည့် ရဲ၏ မွေးနေ့ပွဲကို သီချင်းဖြင့် နှုတ်ဆက်ခဲ့ကြသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အာဏာပိုင်များက အရှိန်မြှင့် ဖမ်းဆီးလျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကန်ချနဘူရီနှင့် အန်ထောင်းခရိုင်တို့၌ မြန်မာလုပ်သား ၇၀ ဦးခန့် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
ဇန်နဝါရီ ၁၈ ရက်က ကန်ချနာဘူရီတွင် မြန်မာနိုင်ငံသား ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် အန်ထောင်းခရိုင်၌ နောက်ထပ် ၂၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အန်ထောင်းခရိုင် ဖမ်းဆီးမှုတွင် ထူးခြားချက်အနေဖြင့် ဖမ်းဆီးသည့်အချိန်မှာ ဖမ်းဆီးရေးအဖွဲ့ ခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဝီချိုင်၏ မွေးနေ့နှင့် တိုက်ဆိုင်နေရာ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများက မွေးနေ့သီချင်း သီဆိုပေးခဲ့ကြသည်။
လက်ရှိတွင် မဲဆောက်မြို့နယ်အတွင်း၌လည်း မြန်မာလုပ်သား ၅၀ ခန့် ထပ်မံဖမ်းဆီးခံထားရသည်။
ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းများသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။