တရုတ်ကအီရန်ကို ထောက်ခံကြောင်း ကြေညာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် ထောက်ခံမှုပေးမည်ဟု ကတိပြုလိုက်သည်။ 

ယင်းကို တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြပါရှိသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က တရုတ်နှင့် အီရန်နိုင်ငံတို့ အကြားရှိ ရှေးယခင်ကတည်းက တည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုကို တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားသည်ဟု မတ်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။ 

ထို့အပြင် အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားဂုဏ်သိက္ခာ တို့ကို ကာကွယ်စောင့်ရှောက်ရာတွင် တရုတ်နိုင်ငံက ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘတ်စ် အရတ်ချီ (Seyed Abbas Araghchi) နှင့် တယ်လီဖုန်း ဆက်သွယ်မှု အတွင်း ယခု ကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

နယ်မြေတည်တံ့ခိုင်မြဲမှု ကို ထောက်ခံသည်ဟု ပြောကြားခဲ့ခြင်းဖြင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်တာမျိုး (သို့မဟုတ်) အီရန်နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်လုပ်တာမျိုးကို တရုတ်က လက်မခံဘူးဟု သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ 

တချိန်တည်းလိုလိုမှာပင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အိုမန် နိုင်ငံခြားရေး ဝန်ကြီးဆီကို ဖုန်းခေါ်ပြီး ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံတွေအနေဖြင့် စည်းလုံးညီညွတ်မှုကို အားကောင်းရန်နှင့် အိမ်နီးချင်းကောင်း ပီသတဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြမယ်လို့ မျှော်လင့်ကြောင်း  ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ ပင်လယ်ကွေ့နိုင်ငံတွေ အနေနဲ့ အီရန်ကို ပံ့ပိုးကူညီကြဖို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။