မြို့နယ်အတွင်း ထိုးစစ်ဆင်နေစဉ် တော်လှန်ရေး ပူးပေါင်းတပ်များက သရက်ချောင်း မြို့မရဲစခန်းကို အလစ်ဝင်တိုက်၊ ဒုရဲအုပ် အပါ ၄ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်။
သရက်ချောင်းမြို့မရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ အလစ်ငိုက်ဝင်တိုက်ခဲ့ရာ ဒုရဲအုပ် အပါအဝင် ၄ ဦးသေဆုံးသွားသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကော်မရှင်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များက အင်အားသုံး ထိုးစစ်ဆင်နေသည့်ကြားမှပင် သရက်ချောင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်ငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်း၊ သရက်နှစ်ခွတံတားနှင့် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်များကို KNLA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေချိန်တွင် မြို့ပေါ်ရှိ ရဲစခန်းကိုပါ ထပ်မံစီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်မှ ဒုရဲအုပ်နှင့် ရဲတပ်ကြပ် အပါအဝင် ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်ခရိုင် PDF အမှတ် (၂) တပ်ရင်းဘက်မှလည်း တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “အလစ်ငိုက် ဝင်ပြီးစီးနင်းတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက တစ်နာရီလောက်ပဲ ကြာတယ်။ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်း တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်၊ စစ်ကူစစ်ကြောင်းတွေလည်း ရောက်လာနေတာကြောင့် တိုက်ခိုက်မှုအပြီးမှာပဲ ပြန်ဆုတ်ခွာလာခဲ့ရတယ်” ဟု ပြောသည်။
လက်ရှိတွင် သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေမှာ အလွန်တင်းမာနေပြီး ထားဝယ်မြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းသည် သရက်ချောင်းမြို့အထက်ပိုင်းရှိ ရှင်မုတ္တထီးကျေးရွာ ဘုန်းကြီး ကျောင်းနှင့် နေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် သရက်ချောင်းမြို့နယ် အောက်ပိုင်းကျေးရွာများကိုလည်း စစ်ကော်မရှင်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ အသုံးပြုကာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထောင်စုလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထားဝယ်မြို့ဘက်မှ စစ်ကော်မရှင် တပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတက်လာနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
စစ်ရေးလေ့လာသူများကမူ ယခုကဲ့သို့ မြို့ပေါ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းမှာ စစ်ကော်မရှင်၏ စစ်ကူ လမ်းကြောင်းများကို နှောင့်ယှက်ရန်နှင့် စစ်မျက်နှာဖြန့်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။