ဖားကန့်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ရေမဆေးကျောက် ရှာဖွေသူတစ်ဦးဟု ယူဆရသည့် အမျိုးသား တစ်ဦး မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်နေ့၊ ည ၉ နာရီဝန်းကျင်တွင် ဗလခကျေးရွာရှိ စစ်ကော်မရှင်တပ်များ ထိန်းချုပ် ထားသည့် မောင်ညိုလုပ်ကွက်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်တောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက သူက မြေစာပုံပေါ်မှာ ကျောက်ရှာရင်းနဲ့ မိုင်းနင်းမိတဲ့သဘောလို့ သိရတယ်။ အသေးစိတ် တော့ မသိရဘူး။ မိုင်းနင်းမိပြီးမှ သေဆုံးနေတဲ့သဘောမျိုး ကျနော်တို့ သိရတယ်။ ရေမဆေးကျောက် ရှာဖွေသူ လို့လည်း သိရတယ်။ ကျောက်ရှာဖွေသူ တစ်ဦးလို့ ယူဆရသူပေါ့ဗျာ။ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ပြီးမှ မိုင်းနင်းမိ သေဆုံးတယ်လို့ အဲ့လိုမျိုး ကျနော်တို့ သိရတာပေါ့။ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေလည်း နေ့စဉ်လိုလို ရှိတဲ့အခါကျတော့ အတိအကျတော့ မသိရဘူးပေါ့။ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်နေတာတော့ ဟုတ်တယ် ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများကြောင့် စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွေသူများ မိုင်းနင်းမိ သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ 

ယခုဖြစ်စဉ် ဖြစ်ပွားသည့်နေရာမှာ စစ်ကော်မရှင်တပ်များ ထိန်းချုပ်ထားသည့် နေရာအနီးတွင်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ထောင်ထားသည့်မိုင်းဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။

ဖားကန့်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဖားကန့်မှာ အဲ့လိုမိုင်းနင်းပြီးမှ သေဆုံးတာတွေ မကြာခဏဖြစ်နေတာပါ။ စစ်ရေးတင်းမာနေတဲ့ အရပ်ဒေသတွေမှာ အသွားအလာ ဂရုစိုက်ကြဖို့ လိုအပ်ပါ တယ်။ မိုင်းဆိုတာကလည်း စစ်ရေးတင်းမာနေတဲ့ ကာလဆိုတော့ ဟိုဘက်ဒီဘက် ထောင်ကြတာကိုး။ အခု တိုက်ပွဲတွေကလည်း မြို့တွေရွာတွေထဲ ဖြစ်ကြတော့ အန္တရာယ်အလွန်ကိုများတဲ့ အခြေအနေပါ။ စစ်ရေးတင်း မာနေကြတဲ့ ဒေသတွေမှာ အသွားအလာ ဂရုစိုက်ကြဖို့ ပြောချင်ပါတယ် ဟု ပြောသည်။

စစ်ရေးတင်းမာနေသည့် ဖားကန့်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှ ရွှေ့ပြောင်းလာသူများသည် စားဝတ်နေရေး အကျပ်အတည်းကြောင့် ကျောက်စိမ်းကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများတွင် ရေမဆေးကျောက်ကောက်ကာ အသက်မွေးနေကြရသဖြင့် ယခုကဲ့သို့ မိုင်းအန္တရာယ်နှင့် မကြာခဏ ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဗလခကျေးရွာကိုလည်း စစ်ကော်မရှင်က ထိန်းချုပ်စိုးမိုးထားပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသော ကြောင့် အရပ်သားအများစုမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရသည်ဟု ဆိုကြသည်။ 

Landmine Monitor ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း ဖော်ပြထားသည်။