ဗုံးကြဲမှုကြောင့် အရပ်သား ၈၀ ခန့် အစုအပြုံလိုက် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ မြောင်နှင့် ကနီမြို့နယ်များတွင် စစ်ကော်မရှင်တပ်က တိုက်လေယာဉ် များအသုံးပြု၍ လူနေကျေးရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၈၀ ခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
ကသာမြို့တွင် သံဃာနှင့် အရပ်သား ၈၀ ခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသလို၊ မြောင်မြို့နယ်တွင် လည်း ရက်သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ရပ်ကွက် (၃) မဟာလေးထပ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က တိုက်လေယာဉ် ၅ စီးဖြင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းတိုက်အတွင်း ခိုလှုံနေသည့် သံဃာတော်များနှင့် စစ်ဘေးရှောင် ၈၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက “ကျောင်းပေါ်ကို ဗုံးတွေတည့်တည့်ကျတာ။ မီးလောင်တဲ့ အထဲပါသွားတော့ ရုပ်တွေက မပေါ်တော့ဘူး။ ကိုယ့်မိသားစုဝင် အလောင်းကိုတောင် ရှာမရတော့လို့ ၇၀ ကျော် လောက်ကို ကျောင်းဝန်းထဲမှာတင် စုပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ရတယ်။ အခုလည်း မြို့အဝင်အထွက်တွေ ပိတ်ထားတော့ ဒဏ်ရာရတဲ့သူတွေ ဆေးကုဖို့ သွေးနဲ့ ဆေးဝါးတွေ အရေးပေါ် လိုနေပါတယ်” ဟု ပြောသည်။
အလားတူ မတ်လ ၂၀ ရက်နေ့တွင်ပင် မြောင်မြို့နယ်၊ နဘက်စံပြကျေးရွာကို တံတားဦးလေတပ်မှ တက်လာ သည့် တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်လမပြည့်သေးသည့် ရက်သားအရွယ် ကလေးငယ် တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာဖြင့် ကွယ်လွန် သွားခဲ့သည်။
မြောင်မြို့နယ် ဒေသခံတစ်ဦးကလည်း မြေပြင်အခြေအနေနှင့် ပတ်သက်၍ “တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ရွာထဲကို လာကြဲတာ။ ရက်သားလေးကတော့ ဗုံးစမှန်ပြီး နေရာမှာတင် ဆုံးသွားရှာတယ်။ ဆီစက်နားလည်း ဗုံးကျတော့ အိမ်တွေလည်း မီးလောင်ကုန်ပြီ။ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘဲ အကုန်ပြေးနေကြရတယ်” ဟု ပြောသည်။
ထို့အပြင် မတ်လ ၂၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များကို တိုက်လေယာဉ် ၈ စီးဖြင့် တပြိုင်နက် ဗုံးကြဲခဲ့ရာ ဘုန်းကြီးတစ်ပါးနှင့် လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိကာ အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။
လက်ရှိတွင် ကသာမြို့အဝင်အထွက်များကို စစ်ကော်မရှင်က ပိတ်ဆို့ထားပြီး မြို့ခံများမှာ မြို့ထဲတွင် ပိတ်မိနေ ကြသည်။
တစ်ဖက်တွင် ပြည်သူ့လေကြောင်းခရီးစဉ်များမှာ လေယာဉ်ဆီပြတ်လပ်မှုကြောင့် ဖျက်သိမ်းနေရသော်လည်း၊ စစ်ကော်မရှင်သည် ရုရှားနှင့် အီရန်နိုင်ငံများမှ လေယာဉ်ဆီများကို တိုးမြှင့်တင်သွင်းကာ တော်လှန်ရေးနယ်မြေရှိ အရပ်သားများအပေါ် ဗုံးကြဲရန် အရှိန်အဟုန်မြှင့် အသုံးပြုနေကြောင်း Justice for Myanmar က ထောက်ပြ ထားသည်။