သံလွင်မြစ်အနီး ထိုင်းဘက်ကမ်းသို့ ဗုံးကျ၊ နယ်စပ်ဒေသခံများ တိမ်းရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင် သံလွင်မြစ်ကမ်းနံဘေး ရှိ KNU ဆေးရုံဝန်းကျင်ကို စစ်အစိုးရတပ်က ယနေ့ နံနက်ပိုင်းတွင် တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ပါ ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် နယ်စပ်ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရကြောင်း ထိုင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် စစ်အစိုးရ လေတပ်မှ လေယာဉ်များဖြင့် ဖာပွန်ခရိုင်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထား၍ ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ခြင်း ဖြစ် သည်။
မြန်မာဘက်ခြမ်းမှ ဒေသတွင်း သတင်းရင်းမြစ် တစ်ဦးက “မနေ့ကလည်း တစ်ခေါက်လာပစ်တယ်။ ဒီနေ့လည်း တစ်ခေါက် ထပ်ပြီး လာပစ်တယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးမှာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်၏ ထိုင်းဘက်ခြမ်း သဲသောင်ပြင်ပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးနားရှိ ထိုင်းဒေသခံနေအိမ် ၁၀ လုံးနီးပါး လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။
မယ့်စန်လက် (သောလယ်ထ) ကျေးရွာရှိ ဒေသခံတစ်ဦးက “ဗုံးပေါက်ကွဲသံကတော့ တကယ်ကို ကျယ်လောင်ပါတယ်။ ဒုတိယ လှိုင်း၊ တတိယလှိုင်း ဗုံးကြဲမှုတွေ မကြာခင် ထပ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက် ကျနော်တို့ဘက်က ကျန်းမာရေးဌာနအနေနဲ့ အရေးပေါ် အခြေအနေအတွက် အသင့်ပြင် (Standby) စောင့်ဆိုင်းနေကြပါတယ်” ဟု နယ်စပ်အခြေအနေကို ပြောသည်။
မြန်မာလေတပ်၏ ဗုံးကြဲမှုကြောင့် မယ့်စန်လက်ကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ KNU ၏ အူးမေထဆေးရုံ အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိုင်းဘက်ခြမ်းရှိ မယ်စမ်လက်ကျေးရွာသား အိမ်ထောင်စု ၄၀ ခန့်မှာ လည်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်။
မယ့်စန်လက်ကျေးရွာလူကြီး နိုင်သုဖပ် နွတ်ချနုန်ခရန် က “ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ အရေးပေါ် တိမ်းရှောင်ကြဖို့ ရွာသားတွေကို အသံချဲ့စက်နဲ့ နှိုးဆော်ခဲ့ရပါတယ်။ သံလွင်မြစ်ကမ်းဘေးက အိမ်ထောင်စု ၄၀ ကို ဟွေ့ကောင် ကတ်ရွာဘက်က ဘေးကင်းတဲ့နေရာဆီ ယာယီရွှေ့ပြောင်းခိုင်းထားပါတယ်” ဟု ထိုင်းသတင်းဌာနများကို ပြောဆိုထားသည်။
လက်ရှိတွင် သောပ်မွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်တစ်လျှောက် အခြေအနေများကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ထိုင်းစစ်တပ်ဘက်မှာလည်း လုံခြုံရေး တိုးမြှင့်ထားသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ထိုင်းဘက်ခြမ်းရှိ ပြည်သူများနှင့် ဝန်ထမ်းများအားလုံး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းနှင့် ၎င်းတို့ ကို အကာအကွယ်ပေးနေသည့် ထိုင်းအထူးစစ်တပ် အဖွဲ့များ ရှိနေသဖြင့် စိုးရိမ်ပူပန်ရန် မလိုကြောင်း လုံခြုံရေး အရာရှိများက ဒေသခံများကို လာရောက် ပြောဆိုခဲ့သည်ဟု နယ်စပ်အခြေအနေနှင့် ပတ်သက်၍ ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ကရင်ပြည်၊ ဖာပွန်ခရိုင်အတွင်း ဧပြီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း စစ်အစိုးရတပ်၏ လေကြောင်း တိုက် ခိုက်မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ ၅ က ထုတ် ပြန်ထားသည်။
ယခုကဲ့သို့ နယ်စပ်စစ်ရေး တင်းမာနေချိန်တွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက်သည် လာမည့် ဧပြီ လ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရန် အစီအစဉ်ရှိနေသည်။
ဓါတ်ပုံ – Sukanraya S-Boungam