စစ်ကိုင်း-ကချင် အစပ်တွင် စစ်တပ်က အင်အားဖြည့်ထိုးစစ်ပြင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။ 

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား အလုံး အရင်း ဖြည့်တင်းလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေမျိုး ဖြစ်သည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က အတည်ပြုပြောသည်။

လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက်၍ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုထီးချိုင့်၊ ရွှေကူ၊ ကသာဖက်မှာလည်း စစ်ကော်မရှင်ဖက်တွေကတော့ စစ်ဆင်ရေးတွေ၊ လူအင်အားတွေ ဖြည့်ထားတယ်ဆိုတဲ့ သတင်းတွေကတော့ ရပါတယ်ခင်ဗျား ဟု ပြောသည်။ 

စစ်တပ်သည် ပြီးခဲ့သည့် မတ်လအတွင်း ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကသာနှင့် အင်းတော် မြို့နယ်များသို့ စစ်အင်အားများ ဆက်တိုက်ဖြည့်တင်းကာ ၎င်းတို့လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းလာနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ရေးတင်းမာနေချိန်အတွင်း ကချင်ပြည်၊ ရွှေကူမြို့နယ်ရှိ ဗျူဟာမြောက် ရွှေကူ ၅ လမ်းဆုံ စစ်တပ် စခန်းကြီးနှင့် ကာကင်းစခန်း ၂ ခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။ 

အဆိုပါ သိမ်းပိုက်ရရှိသည့် စခန်းများအနက် ရွှေကူမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများဘက်က ဧပြီလ ၁၉ ရက်နေ့တွင် ခေတ္တလက်လွှတ်ခဲ့ရသည့် တပ်စခန်းတစ်ခုလည်း ပါဝင်ပြီး၊ ၎င်းစခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့သည့် အဆိုပါထိုးစစ်ကြောင့် ၅ လမ်းဆုံစခန်းရှိ စစ်တပ် လက်အောက်ခံ တပ်သားများမှာ စခန်းကိုစွန့်ခွာ၍ မြို့ထဲသို့ ထွက်ပြေးသွားကြပြီး၊ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ဆို သည်။

ဧပြီလ ၂၃ ရက်နေ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ကျနော်တို့သိရတာကတော့ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီးတော့ ၁၆ ဦး ဒဏ်ရာရတယ်လို့ အဲ့နေ့ကဘဲသိရတယ်ဗျ။ အရင်ကတော့ ကာကွယ်ရေး ပူးပေါင်းတပ်တွေ နေရာ ယူထား ကြတာ ဟုတ်တယ်။ အဲ့နေရာကိုမှ စစ်တပ်က ဝင်လာလို့ PDF နဲ့ KIA တို့က ခဏပြန်ဆုတ်ပေးလိုက်ရတာ ဟုတ်တယ်။ ပြီးမှ ပြန်သိမ်းပိုက်နိုင်တဲ့အခြေနေဟုတ်တယ် ဟု ပြောသည်။ 

တိုက်ပွဲအတွင်း RPG၊ ၄၀ မမ ဗုံးသီးများနှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြ သည်။

ရွှေကူမြို့နယ်အတွင်းရှိ KIA တပ်မဟာ (၁၁) နယ်မြေသို့ စစ်တပ် လက်အောက်ခံ ခလရ ၅၆၊ ခမရ ၆၀၂ နှင့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများက ပူးပေါင်းစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရွှေကူမြို့ပတ်ဝန်းကျင်ရှိ ကျန်ရှိနေသေးသည့် စစ်တပ်၏ ကာကင်းစခန်းများကိုလည်း KIA ပူးပေါင်း တပ်များက ဆက်လက် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ အချိန်မရွေး ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေ တွင် ရှိနေသည်။

ရွှေကူမြို့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက စစ်ရေးအခြေနေကတော့ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့် နေတဲ့ အခြေအနေမှာ ရှိပါတယ်။ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ပြောလို့ရတယ်။ တစ်ဖက်က ဖြစ် လာရင်လည်း ကျနော်တို့ဘက်က တိုက်သင့်ရင်တိုက်ရမှာပေါ့ ဟု လက်ရှိအခြေအနေကို ပြောသည်။

စစ်တပ်သည် ဧပြီလ ၂၃ ရက်နေ့က ရွှေကူ၊ ဆွမ်ပရာဘွမ်၊ ဆော့လော်၊ အင်ဂျန်းယန် နှင့် ချီဖွေမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ထားပြီး၊ နယ်မြေပြန်လည် စိုးမိုးရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် ပြင်ဆင်နေသဖြင့် စစ်ကိုင်း-ကချင်အစပ် တစ်ကြောတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။